ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

ချစ်ခြင်းတစ်စုံဖြင့် ဘ၀ ကို ရင်ခုန်ကြည့်ခဲ့သူများ

Sunday, May 1, 2011

ချစ်ခြင်း တစ်စုံဖြင့် ဘ၀ ကို ရင်ခုန်ကြည့်သူများ အပိုင်း (၁)


ဖူးစာ ပါလို့ ဆုံကြတယ် ဆိုပေမယ့် ဆုံဆည်းမှုတွေ ဖြစ်အောင် ဖန်တီးခဲ့တာမဟုတ်ဘူး ဆိုတာကိုတော့ ကြိုတင်ဝန်ခံပါတယ်။
 ဇေပိုင်

အချစ်မှာ မျက်စိမရှိဘူးတဲ့။ ချစ်လွန်းအားကြီးသွားရင် မျက်စိကန်းတဲ့လူလို ဖြစ်သွားတတ်ပါတယ်။ ကျမရဲ့ ဘ၀မှာတော့ သူ့ကို သိပ်ချစ်မိလို့ ဘ၀မှာ အကြိမ်ကြိမ် ကန်းခဲ့ရပါတယ်။
 နွေး

ချစ်တတ်အောင် ကြိုးစားနေတဲ့သူတွေဟာ ကြာလေကြာလေ အချစ်ငတ်လာလေပါပဲ။ အချစ်ဆိုတာ အချိန်ယူလေ့လာရမယ့် ဘာသာရပ်တခုမှ မဟုတ်ဘဲလေ။
 မင်းခ

နှလုံးသား ရပ်ဝန်းမှာ အချစ်မိုးတွေ ရွာနေတယ်။ မိုးကောင်းပေမယ့် မပျော်နိုင်ဘူး။ ရွာမယ်ဆိုတာ ကြိုမသိလိုက်လို့လေ။ ဒီလိုမှန်းသိရင် အစကတည်း တိမ်ညိုတွေကို ခဲနဲ့ပေါက်ခဲ့တာပေါ့။
 အေး

Chapter 1 - နိဒါန်း

အပိုင်း ၁

ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရာကနေ ပြန်လာတဲ့ သမီးငယ် အမေသိတော့ ဒေါသမီးတောက် မဖြေဖျောက်နိုင်ဘဲ သမီးငယ်၏ ပါးပြင်ကို လက်ဝါးရာ ထင်အောင် ရိုက်ခဲ့မိတဲ့ အတွက် အမေ နောင်တရလို့ မဆုံးပါဘူး သမီးရယ်။
 ဒေါ်နှင်းအေး

အပြင်မှ ပြန်လာသော သမီးဖြစ်သူကို ဧည့်ခန်းတွင် ထိုင်စောင့်နေသော မိခင်ဖြစ်သူ ဒေါ်နှင်းအေးက လှမ်း၍ ခေါ်လိုက်သည်။

- သမီး ဒီကို ခနလာဦး။
- ရှင် မေမေ။
- သမီး ဒီရက်ပိုင်း အပြင်ကို ခနခန ထွက် ထွက်နေတယ်။ အေး ကိုလည်း မေးကြည့်ပြီးပြီ။ သူ နဲ့ အတူတူ သွားလာနေတာလည်း မဟုတ်ဘူးတဲ့။ နောက်ပြီးတော့ ဒီနေ့ မေမေ့ကို လူတစ်ယောက်က လာပြောတယ်။ နွေး ကို မြို့ထဲမှာ ကောင်လေးတစ်ယောက်နဲ့ တွဲသွားတာ မြင်လိုက်တယ်တဲ့။ ဟုတ်လား သမီး။ မေမေ့ကို ညာဖို့ မကြိုးစားနဲ့။
- ဟုတ်.... ဟုတ်ပါတယ် မေမေ။ သမီးလည်း မေမေ့ ကို အသိပေး မလို့ပါ။
- တော်စမ်း နွေး...။ ညည်းကို ကျုပ်တို့က ခြိုးခြံချွေတာပြီး ကျောင်းထားတာ ပညာတတ်စေချင်လို့လေ။ ညည်းကတော့ ပညာမရှာဘဲ အပျော်ရှာနေတယ်ပေါ့လေ။
ညည်းကို ဒီအတိုင်း လွှတ်ထားလို့ ဘယ်နည်းနဲ့မှကို မဖြစ်တော့ဘူး။ အဲဒီတော့ ဒီနေ့က စပြီး ညည်း အိမ်ထဲက အိမ်ပြင် ထွက်ဖို့မကြိုးစားနဲ့တော့။
- ရက်စက်လှချည်လား မေမေ ရယ်။ သမီး ဘာမဟုတ်တာ လုပ်မိလို့လဲ။
- သြော် ညည်းက မိဘတွေ ကွယ်ရာမှာ ရည်းစားထားတာတောင်မှ ဘာမဟုတ်တာ လုပ်မိလို့လဲ ပြန်မေးနေတယ်ပေါ့ ဟုတ်လား။ ဟောဒါက ငါ့ရဲ့ အဖြေပဲ။
ကဲဟယ် ဖြန်း...............။

ဖြန်း..........................

မိခင်တစ်ယောက်၏ ဆုံးမသံသည် တအိမ်လုံးကို ဖုံးလွှမ်းသွားသည်။ နူနယ်လှသော သမီးလေး၏ ပါးပြင်ပေါ်သို့ လက်ဝါး ရာ ထင်အောင် ရိုက်ခဲ့မိသည်။
တကယ်တော့ သမီးလေးကို သိပ်ချစ်ခဲ့တာပါ။ အချစ်ရေး၊ အိမ်ထောင်ရေး ကို အချိန်မတန်သေးဘဲ မစဉ်းစား စေချင်တာလဲ ပါသည်။ ဖြစ်သန်းလာရသည့် ဘ၀တွေက ကြမ်းတမ်းလွန်းလို့ သမီးလေးကို  မိသားစု အတွက် အားထားရသည့် ထီးတလက်ဖြစ်စေချင်မိသည်။ ယောင်္ကျားလုပ်သူ ကိုလည်း သမီး အကြောင်း အသိမပေးရဲပေ။

အပိုင်း ၂

ညနေ ထမင်းဝိုင်းကား မိသားစု မစုံပါပေ။ ခါတိုင်းမှာတော့ ဟင်းကောင်းတာ မကောင်းတာ အသာထား၊ မိသားစု မျက်နှာ စုံညီ ရှိနေသည့်အတွက် စားလို့ အလွန်မြိန်သည်။ အခုတော့ သမီးငယ် နွေး တစ်ယောက် ဘာတွေများ စိတ်ကောက် နေသည် မသိ။ ထမင်း လာမစားပေ။
- နှင်းအေး နင့် သမီး နွေး ရော။ ထမင်း လာမစားပါလား။
- မသိပါဘူး တော်။ မစားတော့လည်း အကုန်သက်သာတာပေါ့တော်။ နေပါစေ ခေါ်မနေနဲ့။
- မဟုတ်သေးပါဘူးဟာ။ နင်တို့ သားအမိကလည်း ခါတိုင်း ဒီလိုမှ မဟုတ်တာကို။ နေပါဦး ငါ သွားမေးကြည့်လိုက်ပါဦးမယ်။

- သမီး
- ရှင် ဖေဖေ
- သမီး ထမင်း စားရအောင်လေကွယ်။
- သမီး ဗိုက်မဆာသေးလို့ပါ ဖေဖေ။ ဖေဖေ တို့ အရင် စားလိုက်ကြပါ။ သမီး ပြီးတော့မှပဲ စားတော့မယ်။
- အေးအေး ဒါဆိုလည်း ပြီးတော့မှပဲ စားနော်။ မစားဘဲ မနေနဲ့ဦးနော် သမီး။ တော်ကြာ အစာအိမ်တွေ ဘာတွေ ဖြစ်နေဦးမယ်။ စားဖြစ်အောင် စားနော် သမီး။
- ဟုတ်ကဲ့ ဖေဖေ။

နွေး ကုတင်ပေါ် ပြန်အိပ်နေလိုက်သည်။ ပါးပြင်က အရာထင်နေသော မိခင်၏ လက်ဝါး ရာသည် သူမအား အချစ်ဘက်သို့ လိုက်၍ မိုက်မိစေရန် တွန်းအား ပေးနေပေတော့သည်။ အခုချိန်မှာ အရမ်းသတိရတယ် အကိုရယ်။ အချစ်ဦးမို့ ရူးလောက်အောင် ချစ်ခဲ့ရသည်။ အချစ်ဦးကြောင့် အရူးတစ်ယောက်လိုလည်း ခံစားခဲ့ရသည်။ နောက်ပြီးတော့ အကို နဲ့ စတွေ့တုန်းက နေ့လေးကို ပြန်လည်တွေးမိရင် ရင်ခုန်မိပါ သေးတော့သည်။

****************************
အချို့က ချစ်လျက်နဲ့ ကွဲကြတယ်
မုသားတွေ ပါနေလို့.........
အချို့က ချစ်လျက်နဲ့ ဝေးကြတယ်
မာနတွေ ပါနေလို့............
အချို့က ဝေးလျက်နဲ့ ချစ်ကြတယ်
ဘ၀တွေ ပါနေလို့.............

***************************

ချစ်ခြင်းတစ်စုံဖြင့် ဘ၀ ကို ရင်ခုန်ကြည့်ခဲ့သူများ

ချစ်ခြင်းတစ်စုံဖြင့် ဘ၀ ကို ရင်ခုန်ကြည့်ခဲ့သူများ


Chapter 2

အဲဒီနေ့က မိုး မရွာသလို တိမ်တွေ လည်း မပြာခဲ့ပါဘူး။ ဒါပေမယ့် သေချာတာကတော့ နေပူဒဏ်ကို ခံနိုင်အောင် ဆိုပြီး ထီးဆောင်းထားခဲ့ပါတယ်။

အပိုင်း ၁

ချစ်တတ်အောင် ကြိုးစားနေတဲ့သူတွေဟာ ကြာလေကြာလေ အချစ်ငတ်လာလေပါပဲ။ အချစ်ဆိုတာ အချိန်ယူလေ့လာရမယ့် ဘာသာရပ်တခုမှ မဟုတ်ဘဲလေ။
 မင်းခ

- ဇေပိုင် လာမယ့် ဆန်းဒေးကို မင်းအားလား။
- ဘာကိစ္စ ရှိလို့လဲ။
- ဆန်းဒေးမှာ ငါ့ မဒီလေး အေး နဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတယ်လေ။ အဲဒါ မင်းကို အဖော်ခေါ်မလို့။
- မင်း က အတော်လာတဲ့ ကောင်ပဲ။ အေး ဆိုတဲ့ ကောင်မလေးကို မင်း လိုက်တယ်၊ ရည်းစားစာပေးတယ် ဆိုတာတောင် ငါမသိလိုက်ရဘူး။ အဖြေရတော့ မှ ငါ့ကို အသိပေးတယ်။ အခုလည်း လာပြန်ပြီ။ မင်းတို့ ဘာသာ ရုပ်ရှင်သွားကြည့်တာ ငါနဲ့ ဘာဆိုင်လို့လဲ။
- လိုက်ခဲ့ပါ သူငယ်ချင်းရာ မင်းကလည်း။ မင်းနဲ့ငါနဲ့က ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်း တွေဆိုတာ မမေ့နဲ့ဦးလေ။
- ဟာကွာ မင်းကလည်း တခါလာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဆိုတာနဲ့ ကိုင် ကိုင်ပေါက်နေတာပဲ။
- ဒါ ဆိုလည်း နေကွာ မင်း မလိုက်ချင်တာ ဇွတ်မခေါ်တော့ဘူး။ ဒါပေမယ့် တခုတော့ ပြောမယ် မင်းနဲ့ငါ ဒီနေ့က စပြီး သူငယ်ချင်းတွေ မဟုတ်တော့ဘူး။
မင်းခ နဲ့ ဇေပိုင် ဆိုတာကလည်း ငယ်ငယ်လေး ကတည်းက ပုခုံးဖက်ပေါင်းလာတဲ့ ငယ်ပေါင်းကြီးဖော်တွေ ဆိုတော့ မင်းခ၏ အထာကို နပ်နေတော့သည်။
- မင်းခ ကလည်းကွာ။ ကဲကဲ လိုက်ပါ့မယ်ကွာ။ တခုတော့ ရှိတယ်နော် အေး မှာ သိပ်လှတဲ့ သူငယ်ချင်းမလေး နွေး ဆိုတာ ရှိတယ်လို့ ငါသိတယ်။ အဲဒါ ငါ့ကို လည်း မိတ်ဆက်ခိုင်းပေးကွာ။
- သြော် ဒါလေးများကွာ မိုင်နာလို့သာ ထားလိုက်တော့ အိုကေလား။
- အိုကေ။

**************************

အပိုင်း ၂

နှလုံးသား ရပ်ဝန်းမှာ အချစ်မိုးတွေ ရွာနေတယ်။ မိုးကောင်းပေမယ့် မပျော်နိုင်ဘူး။ ရွာမယ်ဆိုတာ ကြိုမသိလိုက်လို့လေ။ ဒီလိုမှန်းသိရင် အစကတည်း တိမ်ညိုတွေကို ခဲနဲ့ပေါက်ခဲ့တာပေါ့။
 အေး

ကိုကိုက နွေး ဆိုသော သူမ၏ အချစ်ဆုံး သူငယ်ချင်းမလေး ကိုပါ မရ ရအောင် ခေါ် ခဲ့ပါ ဆိုသောကြောင့် ထိုကိစ္စ အောင်မြင်အောင် လုပ်ရပေဦးမည်။
- နွေး လာမယ့် ဆန်းဒေး ကျရင် ကိစ္စလေးရှိလို့ ငါ နဲ့ အတူ လိုက်ခဲ့ပါလား။
- ဘာ ကိစ္စ မို့လို့လဲ။ အရေးကြီးလား အေး။
- ဟိုလေ ဟို....
- ကဲပါ ပြောမှာသာ ပြောစမ်းပါ။
- ဟို ငါ့ ကိုကိုနဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာ ရှိလို့။
- အမလေး ဒါလေး ပြာဖို့ကို နိဒါန်း ချီနေလိုက်တာ။ သွားပေါ့ ငါက ဘာလို့လိုက်ရမှာလဲ။
- လိုက်ခဲ့ပါဟာ။ နင်ကလည်း ငါ က တယောက်တည်း မသွားရဲလို့ပါ။
- သြော် ရည်းစားတော့ထားရဲတယ်။ ချိန်းတွေ့တဲ့ နေရာကိုတော့ တယောက်တည်း မသွားရဲဘူးလား။ ဟုတ်လား နောက်ပြီးတော့ ဒါမျိုးကို အဖော်အဖြစ် လိုက်ရမှာလည်း ကြောင်တောင်တောင် ကြီးပါဟာ။ သူများတွေ ဒီလိုပဲ သွားလာနေကျတာ။ နင့်ကျမှပဲ။
- တောင်းပန်ပါတယ် နွေးရယ်။ လိုက်ခဲ့ပါ။
- နင့်ဘာသာ တောင်းပဲ ပန်ပန်၊ ဇကောပဲ ပန်ပန် မလိုက်ဘူး။
- လိုက်ခဲ့ပါဆို ဟာ။ ဟဲ ငါ က သူ့ကို ချစ်တယ်လို့ အဖြေပဲ ပေးရဲတာ။ သူ့ကို နှစ်ယောက်ထည်း ရုပ်ရှင်အတူ ကြည့်ရမှာကျတော့ တမျိုးကြီးပဲ ။ နောက်ပြီးတော့ ရင်တွေလည်း ခုန်တယ်။
- ကဲကဲ တော်ပါတော့ ဒေါ်မိမိအေး ရယ် ကျမ ဆက် နားမထောင်ရဲတော့ပါဘူး။ လိုက်ခဲ့ဆို လိုက်ခဲ့ပါမယ်။ ဒါပဲနော် ခေါ်တုန်းက ခေါ်ပြီး နောက်မှ ခေါက်မထားရဘူးနော်။
- အေးပါ ငါ ကတိပေးပါတယ်။ ကိုကို နဲ့တွေ့ရင် ဟောဒီက သူငယ်ချင်းလေးကို ခေါက်မထားပါဘူးလို့။
အေးတစ်ယောက် နွေး၏ နူးညံ့သော ပါးပြင်ကို အသာအယာ ဖွဖွလေး ဆွဲဆုတ်လိုက်မိသည်။ ဟူး ခုမှပဲ သက်ပြင်း ချနိုင်မိတော့သည်။ မနက်ဖန်အတွက်လည်း ရင်တွေ အတော်ကို ခုန်နေမိတော့သည်။


အပိုင်း ၃

- အေး တို့ ရောက်တာ ကြာပီလား။
- မကြာသေးပါဘူး ခုနလေးကမှပါ။
- ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်။  ဒါ က ကိုကိုရဲ့ အချစ်ဆုံး၊ အကောင်းဆုံး သူငယ်ချင်း ဇော်ပိုင် တဲ့။ ဒီကို လိုက်ဖို့ မနည်းကို ဇွတ်ခေါ်လာရတာ။
- အေး လည်း မိတ်ဆက်ပေးရဦးမယ်။ ဒါ က အေး ရဲ့ သူငယ်ချင်း နွေး တဲ့။ အေး နဲ့ တရပ်ကွက်တည်း ငယ်သူချင်းတွေလေ။
အေး လည်း ဟောဒီက နွေး ကို မနည်း ခေါ်လာရတယ်။ အိမ်ကလည်း ဘယ်သွားသွား နွေး ပါမှ ခွင့်ပြုမှာလေ။
- ခနနော် အေး။ ကိုကို အေး တို့အတွက် လက်မှတ်ဝယ်လိုက်ဦးမယ်။
- ဟုတ် ကိုကို အေး တို့ စောင့်နေမယ်လေ။ ရုပ်ရှင်ချိန် နီးနေပြီပဲ။ မြန်မြန် လေး သွားဝယ်လိုက်။တော်ကြာ ရုပ်ရှင် မမှီဘဲ ဖြစ်နေဦးမယ်။

ရုပ်ရှင်ကြည့်ရာတွင်တော့ မင်းခ နှင့် အေး တို့က အဆင်ပြေနေသလောက် ဇေပိုင်နှင့်နွေး တို့ကတော့ ရုပ်ရှင်မြန်မြန် ပြီးပါစေလို့သာ ဆုတောင်းနေမိတော့သည်။

************************

ချစ်ခြင်းတစ်စုံဖြင့် ဘ၀ ကို ရင်ခုန်ကြည့်ခဲ့သူများ


ချစ်ခြင်းတစ်စုံဖြင့် ဘ၀ ကို ရင်ခုန်ကြည့်ခဲ့သူများ

Chapter 3 - သူတို့မှာလည်း အတွေးကိုယ်စီ

အပိုင်း ၁

ဖူးစာပါ လို့ ဆုံကြတယ် ဆိုပေမယ့် ဆုံဆည်းမှုတွေ ဖြစ်အောင် ဖန်တီးခဲ့တာမဟုတ်ဘူး ဆိုတာကိုတော့ ကြိုတင်ဝန်ခံပါတယ်။
 ဇေပိုင်

ပြီးပြည့်စုံသော ဘ၀ တခုကို ပိုင်ဆိုင်ထားသော ဇော်ပိုင် အနေနဲ့ မပြည့်စုံတာ တခုသာ ကျန်တော့သည်။ ခုချိန်ထိ ကို ဘ၀ လက်တွဲဖော်၊ ချစ်သူ၊ ရည်းစား မရှိသေး၊ မပြည့်စုံသေး တာပါပဲ။
မနေ့က ရုပ်ရှင်သွားကြည့်စဉ်က သူငယ်ချင်း မင်းခ ရဲ့ ကောင်မလေး နဲ့ အတူပါလာသော နွေး ဆိုသော မိန်းကလေးကတော့ သူ ရင်ခုန်မည် ဆိုလျှင် ရင်ခုန်စရာ ဖြစ်လာနိုင်သည်။
ဟိတ်ကောင် ငပိုင်။
ဟာ လန့်လိုက်တာကွာ။
ဒီလောက်တောင် လန့် နေရအောင် မင်း ဘာတွေ တွေးနေလဲ။ ငါ့ကို မှန်မှန်ပြော။ ဧကန်န တော့ မဟုတ်မှ လွဲရော မင်း နွေး အကြောင်း မင်း စဉ်း စားနေတာမလား။ မကွယ်၊မ၀ှက်ဘဲ ဖြေရမယ် ငပိုင်။
အေးပါကွာ ဘယ်က ဘယ်လို စ ပြောရမှန်းတောင် မသိတော့ဘူး။
ဟုတ်တယ် နွေး ဆိုတဲ့ ကောင်မလေးကို တွေ့တဲ့ အချိန်ကစပြီး ငါ Heart ထိ သွားတာ။

အပိုင်း ၂

ဝေးကွာလွန်းတဲ့ ဘ၀ နှစ်ခု ကို ဘယ်လိုများ ပေါင်းစုံအောင် ဖန်တီး၍ ရနိုင်ပါအံ့နည်း။
အချစ်သည် မှီဝဲတတ်သော ချစ်တတ်သူတစ်ယောက် အဖို့ အလွန်ချိုမြိန်တဲ့ အားဆေးတစ်ခွက် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ်လို့၊ မမှီဝဲတတ်သော အချစ်ငတ်သူတစ်ယောက် အဖို့ အလွန်ခါးသီးတဲ့ ဆေးခါးတစ်ခွက် ဖြစ်ကောင်း ဖြစ်နိုင်၏။ ချိုမြိန်တဲ့ ဆေးတစ်ခွက် သောက်လိုက်ရလို့ နွေးထွေးမှုတွေခံစားရပေမယ်လို့ တခါတရံမှာ ဆေးခါးတစ်ခွက် သောက်လိုက်ရလို့ ဆူးရှတဲ့ ပူလောင်မှုတွေ ခံစားကြရတာတွေလည်း ရှိပါတယ်။ အချစ်မှာ ဆန္ဒတွေ၊ အတ္တတွေ ပါသလို ဘ၀တွေလည်း ပါတတ်လေသည်။ ဆန္ဒတွေ အတ္တတွေအတွက် အရှက်တွေနဲ့ စတေးကြရသလို ဘ၀တွေအတွက် အသက်တွေနဲ့လည်း စတေးကြရသည်။
ဘာပဲ ဖြစ်ဖြစ် သူ နွေးကို ချစ်နေမိသည့် အကြောင်းကိုတော့ မဖြစ်မနေ ဖွင့်ပြောဖြစ်အောင် ပြောတော့မည်။

************************
အပိုင်း ၃

အချစ်မှာ မျက်စိမရှိဘူးတဲ့။ ချစ်လွန်းအားကြီးသွားရင် မျက်စိကန်းတဲ့လူလို ဖြစ်သွားတတ်ပါတယ်။ ကျမရဲ့ ဘ၀မှာတော့ သူ့ကို သိပ်ချစ်လို့ ဘ၀မှာ အကြိမ်ကြိမ် ကန်းခဲ့ရပါတယ်။
 နွေး

နွေး တယောက် စဉ်းစား ခန်း ၀င်နေရပါတော့သည်။ ဘာတွေကို စဉ်းစား မိလို့လဲမသိ သက်ပြင်း ရှည်တွေ ခနခန ချနေမိသည်။ နွေး ဘ၀မှာ ပထမဦးဆုံး အကြိမ် ရည်းစား စကား ပြောတာခံရခြင်းပါ။

- နွေး ကို ချစ်တယ် ဟုတ်လား ကိုဇေပိုင်။ စဉ်းစားပါဦး ကိုဇေပိုင်ရယ်။ နွေး ဘ၀ က ဆင်းရဲတယ်။ ပြည့်စုံမှုဆိုတာ ဗလာနတ္ထိနော်။ နွေး ကိုဇေပိုင် ကို တခုမေးမယ်။ နွေး ရဲ့ မပြည့်စုံတဲ့ ဘ၀ထဲကို ၀င်လာရဲလို့လား။ - စိတ်ကူးမယဉ်ချင်စမ်းပါနဲ့ ကိုဇေပိုင်။
- ကျနော် စိတ်ကူးမယဉ်တတ်ဘူး နွေး။ အခုလို နွေး နဲ့ ပတ်သက်ပြီး ရင်ခုန်တယ် ဆိုတာကလည်း ကျနော့်ဘ၀မှာ ပထမဦးဆုံး အကြိမ်ပါ။ ကျနော့် အချစ်ကို လက်ခံပါ နွေးရယ်။
- နွေး စဉ်းစားပါရစေ ကိုဇေပိုင်။
- စဉ်းစားမယ်ဆိုလည်း စဉ်းစားပါ နွေးရယ်။ နွေး ကို့ကို အသိအမှတ်ပြု လက်ခံလာတဲ့နေ့အထိ ကိုယ် စောင့်နေပါ့မယ်။

လူတစ်ယောက်နဲ့ တစ်ယောက် ဆုံဆည်းတာကလည်း အဆန်းသားနော်။ ဆုံဆည်းပါ များလာတော့လည်း မေတ္တာတွေ ချစ်တာတွေ ပါလာပြန်တယ်လေ။ တကယ်တမ်းကျတော့ သူမ အနေနဲ့အချစ် အကြောင်း သေချာမသိသေးပါ။ အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းလား၊ စွန့်လွတ်ပေးဆပ်ခြင်းလား ဆိုတာကိုတောင်မှ ကောင်းကောင်း အဓိပ္ပါယ် မဖွင့်တတ်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ အချစ်သင်တန်းမှာ နည်းပြကောင်း တစ်ယောက် ဖြစ်ခွင့်ရှိပါမယ်တဲ့လား။
အခုလည်း နွေး ရင်တွေလည်း ခုန်နေမိသည်။ သူ့ကို နွေး တကယ် ချစ်မိသွားသည်လား မချစ်မိသေးဘူးလား ဆိုတာကိုတော့ ဝေခွဲရခက်နေသေးသည်။ သို့သော် ဒီကိစ္စကိုတော့ အချိန်ယူစောင့်ကြည့် စဉ်းစားရပေဦးမည်။ မိမိ ကို တကယ် ချစ်တာလား ဆိုတာ သိချင်တာပေါ့လေ။ ဘာပဲဖြစ်ဖြစ်
ဒီကိစ္စကို အေး ကို စစ်ကူတောင်းရတော့မည်။

************************
အပိုင်း ၎

- အေး ငါ နင့်ကို မေးစရာလေး ရှိလို့။
- မေး လေ။ ဘာလဲ ဇေပိုင့် အကြောင်းလား။
- ဆိုပါတော့။ ဇေပိုင် အကြောင်း နင်သိသလောက် ငါ့ကို ပြောပြပါဟာ။
- ဘာဖြစ်လို့။
- သိချင်လို့ပေါ့။ ဘာလဲ မမေးရဘူးလား။
- အသည်းအသန်ပါလား နွေး ရ။ ဘာတွေ ဖြစ်လာလို့လဲ။ ငါ ထင်တာ မမှားဘူး ဆိုရင် နင့်ကို ဇေပိုင် ရည်းစားစကား ပြောလိုက်ပြီ ထင်တယ်။
- အင်း ဟုတ်တယ်။ သူက ငါ့ကို ချစ်တယ်တဲ့လေ။
- ဘာ နင့်ကို ဇေပိုင် က ချစ်ရေး ဆိုတယ် ဟုတ်လား။ နင် အဖြေပေးလိုက်ပြီလား။
- မပေးရသေးပါဘူး။ ငါ က စဉ်းစားပါရစေလို့ ပြန်ပြောခဲ့တယ်လေ။
- အေး ကောင်းတယ် ငါလည်း သူ့အခြေအနေ ကို မင်းခ နဲ့တွေ့ရင် မေးကြည့်ပေးမယ်။ နင့်ကို တကယ်ချစ်တာ ဟုတ် မဟုတ်။ နောက်ပြီးတော့ သူ့ရဲ့ အကြောင်းတွေ ကိုရောပေါ့။

****************************
အပိုင်း ၅

အေး က ပြောပြသော ဇေပိုင့်အကြောင်း....

အပြာရောင် မိုးကောင်းကင်အောက်က အမိုးအကာတခု၏ အောက်တွင် ခင်းကျင်းထားသော အအေး ဆိုင်လေး တဆိုင်တွင် ဖြစ်၏။
- နွေး ငါ ဇေပိုင် အကြောင်းကို စုံစမ်းပြီးပြီ။
သူ့မှာ ချစ်သူ ရည်းစား ဆိုလို့ မူးလို့ ရှူ စရာကို မရှိဘူးတဲ့လေ။ ဒါပေမယ့် ဥစ္စာပေါ ရုပ်ချောတော့ သူ့ကို ကြိုက်တဲ့ မိန်းကလေးတွေ တော့ များတယ်တဲ့။ ဒါပေမယ့် သူ ဘာဖြစ်လို့ အဲဒီကောင်မလေးတွေကို ပြန်စိတ်မ၀င်စားတာကိုတော့ ငါ မသိဘူး။ တခုတော့ ရှိတယ် ငါ့ကိုကို ပြောတာအရဆိုရင် ဇေပိုင် က နင့်ကို တော်တော် အရူးအမူး ဖြစ်နေတယ် ဆိုပဲ။
- မဖြစ်နိုင်ပါဘူး အေးရယ်။ ငါ က အချစ်ဆိုတာ ကို နှလုံးသား နဲ့ ဆုံးဖြတ်ချင်တာ။ ဇေပိုင် နဲ့ ပတ်သက်ပြီး ခံစားချက် မရှိဘူးလားလို့ ငါ့ကို မေးရင် ငါ့မှာလည်း ရှိပါတယ်။ ငါ သူ့ကို ရင်ခုန်တယ်။
- ဒါဆို နင်တို့ နှစ်ယောက် ဇာတ်လမ်းက ပြီးနေပြီပဲ။ ငါ့ကိုကို ကနေ တဆင့် ဇေပိုင့်ကို အကြောင်းပြန်လိုက်မယ်။

သဘောတူညီမှု သင်္ကေတအဖြစ် ခေါင်း ညိတ်ပြလိုက်မိတော့သည်။


******************************



ချစ်ခြင်းတစ်စုံဖြင့် ဘ၀ ကို ရင်ခုန်ကြည့်ခဲ့သူများ

ချစ်ခြင်း တစ်စုံဖြင့် ဘ၀ ကို ရင်ခုန်ကြည့်ခဲ့သူများ
Chapter(4)


အပိုင်း ၁

အတွေးတစဟာ
ကာရန်တခုပေါ့...
အတွေးစပေါင်းများစွာ
ကာရန်ပေါင်းများစွာ
ကဗျာတပုဒ် ဖြစ်လာတယ်...

ရိုးရှင်း လွန်းသော
ချစ်သူ အလှ ကျတော့
အတွေးစပေါင်းများစွာ
ကာရန်ပေါင်းများစွာ
တဘ၀တာလုံး အဆုံးမသတ်နိုင်
တပုဒ်ပြီး တပုဒ်...
တပုဒ်ပြီး တပုဒ်...

ထို့နောက် သူ နှင့် သူမ ချစ်သူတွေ ဖြစ်သွားကြသည်။ တယောက်နဲ့ တယောက် ကြားလေ သွေး၍ ဝေးမှာကိုပင် စိုးခဲ့ကြသည်။ တွဲလက်များကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားခဲ့ကြသည်။ ချစ်ခြင်းတစ်စုံ ဖြင့် ဘ၀ကို ရင်ခုန်ဖို့ရန် အသင့်အနေအထား သို့ ရောက်ရှိနေကြလေတော့သည်။


အပိုင်း ၂

- နွေး ရှိလား အန်တီ။
- ဟော အေး ပါလား။ လာလေကွယ်။ ဘာကိစ္စ လဲ သမီး။
- နွေး ဆီ လာလည်တာပါ အန်တီ။ မတွေ့တာလည်း ကြာနေလို့။ ကျောင်းလည်း မတက်တာကြာလို့လေ။
- အေးကွယ် နွေး အကြောင်းတော့ မပြောချင်တော့ပါဘူး။ မိဘက ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ သူက ပညာမရှာပဲ အပျော်ရှာထွက်တယ်လေ။ အံ့သြပါရဲ့အေ။ ဒါကြောင့် သူ့ကို အိမ်ထဲက အိမ်ပြင် မထွက်ခိုင်းဘဲနဲ့ စောင့်ကြည့်နေတာ။ အန်တီတို့ကလည်း  မဖြစ်သင့်တာ မဖြစ်ရအောင် သမီးရယ်။ သမီး တွေ့ချင်တယ် ဆိုရင်တော့ သူ့ အခန်းထဲသာ သွားတွေ့ပေတော့။
- ဟုတ်ကဲ့ပါ အန်တီ။ သမီး နွေးနဲ့ တွေ့လိုက်ဦးမယ်နော်။
- အေးအေး။

အပိုင်း ၃

- ဘယ်လို ဖြစ်တာလဲ နွေးရယ်။
- ဘယ်လို ဖြစ်ရမလဲ။ နွေး တို့ အကြောင်းကို အဖေ နဲ့ အမေ သိသွားပြီလေ။ နွေး လည်း မလိမ်ချင်တာနဲ့ အမှန်အတိုင်း ပြောလိုက်တယ်။
- အေး ဟယ် နင်တို့ နှစ်ယောက် အတွက် ငါ စိတ်မကောင်းဘူးဟာ။ နင်တို့ နှစ်ယောက် ခုလို ဖြစ်သွားကြမယ်လို့လည်း ငါတို့က ထင်မထားဘူးလေ။ အချစ်ကို ညှိယူလို့ ရချင်ရမယ် ဘ၀ကို ညှိယူလို့ မရဘူးလေ။ ဒါနဲ့ နင့်ကို မေးရဦးမယ် နင် သူ့ကို လက်တွဲဖို့ ဆုံးဖြတ်လိုက်ပြီလား နွေး။ နင် ဘာဖြစ်ချင်လဲ။ ငါ ဘာကူညီပေးရမလဲ။
- အေး ငါ ဆုံးဖြတ်ချက် ချလိုက်ပြီ။ ငါ ဇေပိုင် ကို သိပ်ချစ်တယ်ဟာ။ သူနဲ့ပတ်သက်လို့ ဖြစ်လာသမျှကို ငါရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီ။
အချစ်အတွက် ငါ့မှာ ခွန်အားတွေ ရှိလာ သလိုပဲ။ နင် ငါ့ကို ကူညီ မယ်ဆိုရင် ဒီစာလေးကို ဇေပိုင် ဆီကို ပေး ပေး ပါလား။
- အေးအေး စိတ်ချ စိတ်ချ။ ငါ ပေး ပေး မယ်။ ကဲ ဒါ ဆို ငါ သွားလိုက်ဦးမယ်။ နင်နဲ့ စကားပြောတာ ကြာနေလို့ နင့်အမေ သံသယ၀င်နေဦးမယ်။
- ဒါဆိုလည်း သွားတော့လေ။

အပိုင်း ၎

- သမီးကို ခွင့်ပြုပါဦး အန်တီ။ အေးကွယ် အေးအေး နောက်လဲ လာလည်ပေါ့ သမီးရယ်။ သမီးသူငယ်ချင်းလည်း စိတ်ပြေလက်ပျောက် ဖြစ်တာပေါ့။
- ဟုတ်ကဲ့ပါ အန်တီ။

**************************
အပိုင်း ၅

သမီး ဖြစ်သူ၏ အခန်းထဲတွင် ခါတိုင်း နှင့်မတူ တိတ်ဆိတ်နေသည့်အတွက် ၀င်ကြည့်မိရာ သမီးဖြစ်သူကို မတွေ့ရဘဲ စာလေး တစ်စောင်ကို သာ တွေ့လိုက်ရသည်။

ဖေဖေ နဲ့ မေမေ
သမီး ကန်တော့ခဲ့ပါတယ်။ သမီး ချစ်သူ နောက်ကို ခိုးရာ လိုက်သွားပါသည်။ သမီးတို့ ချစ်ခြင်းကို မခွဲကြပါနဲ့နော်။ သမီး ကို ခွင့်လွှတ်ကြပါ။
သမီးမိုက်

- အမလေး ကိုအောင်စိန် ဒီမယ် ရှင့် သမီးရေးသွားတဲ့ စာကို ဖတ်ကြည့်စမ်းပါဦး။ တော်တော်ကို မိုက်လုံးကြီးတာပဲ။ မိဘ က အတန်တန် တားနေတဲ့ ကြားထဲက သူ့အကောင် နောက်ကို လိုက်ဖြစ်အောင် လိုက်သွားသေးတယ်။ ကျမတို့ ဘယ်လို လုပ်ကြမလဲဟင်။
- ဘယ်လိုလုပ်ရမလဲ ဆိုတာ ငါလည်း မစဉ်းစားတတ်တော့ပါဘူးကွာ။ ဘယ်လိုက်ရှာလို့ ရှာရမှန်းလဲမသိ။ သြော် သမီး သမီး တော်တော် မိုက်တာပဲ။ ဖြစ်ပြီးမှတော့ သမီးလေးဘ၀ ကောင်းအောင် ငါတို့ဘက်က အတတ်နိုင်ဆုံး စီစဉ်ပေးရတော့မှာပေါ့လေ။ မဟုတ်ရင် ငါတို့ သမီးလေး ပဲ ထိခိုက်နစ်နာမှာပေါ့ဟာ။

*****************************

ချစ်ခြင်းတစ်စုံဖြင့် ဘ၀ ကို ရင်ခုန်ကြည့်ခဲ့သူများ

ချစ်ခြင်းတစ်စုံဖြင့် ဘ၀ ကို ရင်ခုန်ကြည့်ခဲ့သူများ
chapter (5)


အပိုင်း ၁

- အကို ပျော်ရဲ့လား ဟင်။
- ပျော်တာပေါ့ နွေးရယ်။ အကို့ဘေးမှာ ဟောဒီက ကိုယ့်အချစ်ဆုံးလေး နွေးတစ်ယောက်လုံး ရှိနေတာပဲလေ။ အကို ခေါ်ရာကို လိုက်လာတဲ့အတွက် နွေးကို အထင်မသေးရဘူးနော်။
- ဘယ်တုန်းက နွေး ကို အကိုက အထင်သေးဘူးလို့လဲ နွေးရယ်။ အကို နွေး ကို အထင်မသေးလို့လဲ နွေး ကို အကို ချစ်ခွင့်ပန်ခဲ့တာပေါ့။ နွေး မှာ ပြည့်စုံမှုတွေ မရှိဘူး ဆိုပေမယ့်လည်း နွေးဆီမှာ အကိုလိုချင်တဲ့ ရိုးသားမှုရယ်၊ အေးမြမှုရယ်၊ နောက်ပြီးတော့။
- ဟိုးထား အကို။ နွေး အခုလို အကို ခေါ်ရာကို လိုက်လာတယ် ဆိုတာ အကို့ကို နွေး ဘယ်လောက်ထိ ချစ်တယ် ဆိုတာ သက်သေ ပြလိုက်တာနော် အကို။ အကို့ကို နွေး တခု မေးရဦးမယ်။ အကို့မိဘတွေက နွေး ကို သဘောတူ လက်ခံပါ့မလား ဟင်။
- နွေး ရယ် ဘာလို့ သဘောမတူ လက်မခံရမှာလဲ။ အခုချိန်မှာ ဒါတွေ မတွေး နဲ့ နော်။ စိတ်ချမ်းချမ်းသာသာ နေရအောင် နော် နွေး။
- နွေး က စိုးရိမ်လို့ပါ အကိုရယ်။ အကို မမေး စေချင်လည်း မမေး တော့ပါဘူး။

ချစ်သောသူ၏ ပုခုံးလေး ထက်ကို ခေါင်းလေး မှီရင်း တဘ၀စာ ပုံအပ်လိုက်မိသည်။ အချစ်တွေစား၍ ခွန်အား သတ္တိတွေ အပြည့် ရှိနေသည် ထင်ပါ၏။ ချစ်သောသူနှင့် တရက်ဝေး၍ ဆွေးနေရတာနှင့် နှိုင်းယှဉ်လျှင် အခုလို ချစ်သူနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ခြင်းက ပို၍ သဘာဝကျသည်ဟု နွေး တွေးနေမိတော့သည်။


****************************
အပိုင်း ၂

မိဘတွေ ဆွေးနွေး ကုန်ကြပြီ.....

နွေး၏ မိဘ နှစ်ပါး စလုံး မှာ သမီးရှင် ဖြစ်လျက်နှင့် ရှေ့မျက်နှာ နောက်ထားကာ သားရှင် အိမ်သို့ နားဖောက်ဖို့ရန် အရောက်သွားရရှာတော့သည်။ ငွေရှင် ကြေးရှင်တွေများ မာနတွေ တင်းမာကြတာပဲနော်။ ကလေးတွေ ကိစ္စ ကို ပိုက်ဆံရှိလူကြီးမဆန်သူတွေက လစ်လျူရှူလို့ နေနိုင်ကြပေမယ့် မျက်နှာမွဲ မိဘ နှစ်ပါး အနေနဲ့ သမီးဖြစ်သူ အရှက်နှင့် သိက္ခာ အတွက် ရှေ့မျက်နှာ နောက်ထားကာ အရောက် သွားကြရလေသည်။

- အမကြီး ကလေးတွေ ကိစ္စ လာပြောတာပါ ရှင်။ အမကြီး ရဲ့ သားနဲ့ ကျမတို့ရဲ့ သမီးလေး ကိစ္စပါ။
- ရှင်တို့ ဘာတွေ လာပြောနေကြတာလဲ။
ကျမ သားက ရှင်တို့ သမီးကို ခိုးပြေး သွားတယ် ဟုတ်လား။
- အမကြီးရယ် ကျမတို့က မဟုတ်တာကို မတရား လျှောက်ပြောနေပါ့မလား ရှင်။ နောက်ပြီးတော့ ကျမတို့က သမီးရှင်ပါ။ ဒီလိုစကားမျိုးကို ပိုပြီးတော့တောင် မပြောချင်သေးတယ်။ အခု အမကြီးတို့ဆီကို လာတယ် ဆိုတာကလည်း ကလေးတွေ ကိစ္စ ဆွေးနွေးတိုင်ပင် ရအောင် ပါ။
- ကလေးတွေ ကိစ္စ ကျမနဲ့ မဆိုင်ဘူး။
- အမကြီးရယ် အဲဒီလို မဆိုင်ဘူးဆိုပြီး ယတိပြတ် မပြောလိုက်ပါနဲ့။ အခု ဟာက အမကြီးရဲ့ သားက ကျမသမီးကို ခိုးပြေးသွားတာလေ။ မိဘချင်း ကိုယ်ချင်းစာပေးပါ အမကြီးရယ်။ အမကြီးမှာလည်း သမီး မိန်းကလေး ရှိပါသေးတယ်။ သမီးချင်း ကိုယ်ချင်းစာပေးပါ အမကြီးရယ်။ အမကြီးရဲ့ သားနဲ့ သဘောတူပေးပါရှင်။
- ကောင်းပြီလေ။ အခု ဖြစ်တဲ့ ကိစ္စကို လက်ခံပေးပါမယ်။ ကျမ ဘက်က ကျမသားနဲ့ ရှင့်သမီးကို သဘောတူပေးပါ့မယ်။ မင်္ဂလာ ဧည့်ခံပွဲကိုလည်း ကျမတို့ဘက်က တာဝန်ယူပေးမယ်။ တခုတော့ ကြိုပြောလိုက်မယ် သူတို့  ၂ ယောက်ကို ကျမအိမ်ပေါ်မှာတော့ တင်မထားနိုင်ဘူး။
- ဟုတ်ကဲ့ အဲဒီအတွက်တော့ ဘာမှ မပူပါနဲ့ရှင်။ ကျမတို့ အိမ်မှာပဲ ခေါ်ထားပါ့မယ်။

*************************
အပိုင်း ၃

နိဂုံးချုပ်သော အခါဝယ်........

နွေး နဲ့ဇေပိုင် တို့၏ မင်္ဂလာပွဲက ပြီးဆုံးသွားခဲ့သည်။
ကဲကဲ .. ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေကွယ်။ မောင်ဇေပိုင် ကလဲ သမီး နွေး ကို သည်းခံပါကွယ်။ သမီး နွေး ကလဲ မောင်ဇေပိုင် ပေါ် စိုးမနေနဲ့ဦး။ မေမေတို့ကတော့ ၀တ္တရားရှိတဲ့အတိုင်း တာဝန်ကျေခဲ့ပြီ။ သားတို့သမီးတို့က ကိုယ်တည်ထောင်ထားတဲ့ ဘ၀လေးကို သာယာအောင် တိုးတက်ကြီးပွားအောင် နှစ်ယောက်တိုင်တိုင်ပင်ပင် ကြိုးစား တည်ဆောက်ကြပေါ့ကွယ်။ နွေး မေမေရဲ့ စကားအဆုံးမှာ ဇေပိုင် က နွေး ကို လှည့်ကြည့်၍ နွေးထွေးစွာ ပြုံးပြခဲ့သည်။ နွေး သည်လည်း ဇေပိုင့် မျက်နှာကို အားကိုးကြီးစွာ ချစ်မြတ်နိုးစွာ ပြန်ကြည့်လိုက်မိသည်။ နွေးတို့၏ အိမ်ထောင်ဦးသည် အေးဆေးစွာ ချစ်ခြင်းမေတ္တာဖြင့် ထုံမွှမ်းခဲ့သည်။

အပိုင်း ၎

- အကို အခုဆို နွေးတို့ ဘ၀ လမ်းခရီး သာယာသွားပြီနော်။
- အကို အစကတည်းက ပြောသားပဲ။ မေတ္တာစစ်တို့မည်သည် ဖြောင့်ဖြူးခြင်း မရှိဘူးလို့လေ။ အကို နွေးကို ချစ်တာ ယုံပြီမလား နွေး။ အကို နွေးအပေါ်မှာ သစ္စာ ရှိရှိ ချစ်သွားမယ် ဆိုတာကိုလေ။
- ယုံပါတယ် အကိုရယ်။ အကို နွေး အပေါ်မှာ ဒီလောက် ချစ်ပြနိုင်မယ်မှန်းကို အစက မသိခဲ့ပါဘူး။ အခုလို အကိုက ပြည့်စုံခြင်း တွေနဲ့ လဲပြီးတော့ကို မပြည့်စုံတဲ့ နွေး ဘ၀ထဲကို ၀င်လာတယ် ဆိုတာနဲ့ကို အကို နွေး အပေါ်မှာ သစ္စာ ရှိတယ် ဆိုတာ ယုံပါပြီ အကိုရယ်။
- အကို နွေး အပေါ်မှာ ထားတဲ့ သစ္စာဟာ သွေး နဲ့ ရေးတဲ့ သစ္စာ ပါပဲ နွေးရယ်။
- ဟင့်အင်း။ မပြည့်စုံ သေးပါဘူး။
- ဟင် ဘာလိုသေးလို့လဲ။
- ချစ်ခြင်းတစ်စုံ ဖြင့် ဘ၀ကို ရင်ခုန်ဖို့ ကြိုးစားကြည့်ကြတာကိုလည်း ထည့်ပြောဦးမှာပေါ့။ မဟုတ်ဘူးလား။
- ဟုတ်တယ် ဟုတ်တယ်။
ဘာတဲ့ ချစ်ခြင်း တစ်စုံဖြင့် ဘ၀ ကို ရင်ခုန်ကြည့်သူများ....။

ဇေပိုင် နှင့် နွေး တို့ ချစ်သူ မောင်မယ် နှစ်ဦးသည် ချစ်ရည်ရွှန်းလဲ့စွာ တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ ဖြင့် ပျော်ရွှင် ပီတီ လှိုင်လှိုင် ဖြစ် ကြလေတော့သတည်း။
          
            ******************
            ******************
            ******************


 

Browse