သားရေ
သား အိမ်ကို သတိရတဲ့ အခါကျရင် အလွမ်းပြေဖတ်ဖို့ အမေ့လက်ရေးလေးတွေပါတဲ့ ဒီစာနဲ့ အတူ အမေ့ဓာတ်ပုံကိုပါ သား နဲ့အတူ အမြဲတမ်းရှိနေမယ့်သားရဲ့ ပိုက်ဆံအိတ်လေးထဲ မှာ အမေ ထည့်ပေးလိုက်တယ်.....။
အမေ့သားက နိုင်ငံရပ်ခြားမှာ ပညာသွားသင်ရမယ့်သူဆိုတော့ အမေ့အနေနဲ့ အထူးမှာချင်တာကတော့......
ဘယ်နေရာရောက်ရောက် ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ ၃ ပါး ကိုတော့ မမေ့နဲ့ပေါ့....
ဂုဏ်တော် ကိုးပါးနဲ့ သံဗုဒ္ဓေ ဂါထာကိုလဲ အချိန်ရတိုင်းရွတ်ပေါ့ မေတ္တာသုတ်တော် လဲ ပွားပေါ့.....
နောက်ပြီးတော့ ၇ ရက် ဂြိုလ်မင်းကြီးတွေကိုလဲ မေတ္တာပို့ပေါ့...
တနင်္ဂနွေ ဂြိုလ်သက် ၆ နှစ်
တနင်္လာ ဂြိုလ်သက် ၁၅ နှစ်
အင်္ဂါ ဂြိုလ်သက် ၈ နှစ်
ဗုဒ္ဓဟူး ဂြိုလ်သက် ၁၇ နှစ် ( ရာဟု ၁၂ နှစ်)
ကြာသပတေး ဂြိုလ်သက် ၁၉ နှစ်
သောကြာ ဂြိုလ်သက် ၂၁ နှစ်
စနေ ဂြိုလ်သက် ၁၀ နှစ်
အိမ်မှာ ကျန်ခဲ့တဲ့ အမေတို့ မိသားစုဝင်တွေကတော့ ဘယ်နေရာမှာ ရောက်နေနေ တမိုးအောက်ထဲမှာပဲ အတူနေကြတာ မဟုတ်လား သားရယ် သတိကတော့ အတူတူ ရနေကြမှာပါ.....
မာစေ သာစေ ဆုတောင်းမေတ္တာ ပို့ပေါ့......
မိသားစု ပြန်ဆုံမယ့်အရေး ကိုတွေးပျော်နေပေါ့ မဟုတ်ဘူးလား သား....
ဒီနေ့ တရက် ကုန်သွားရင် ပြန်ဖို့တရက် နီးသွားမယ်ပေါ့ ဟုတ်လား...
မြန်မာပြည်က ၁၂ လ ရာသီ ကို မှန်းတွေးပြီးပျော်ပေါ့ သားရယ် ....
သူများတွေ အဖို့ကတော့ ပျော်ရာမှာ မနေ တော်ရာမှာ နေ ရတယ် ဆိုတဲ့ စကားပုံ က တမျိုးကောက်ပေမယ့်
အမေ့သားကတော့ '''' တော် '''' လို့မှ သွားရတာ မတော်ရင် ( ညံ့ရင် ) ဘယ် သွားရမှာလဲ ဟုတ်လား သား....။
အမေကတော့ လောဘ မကြီးချင်ပါဘူး သားရယ်.... အေးအေး ချမ်းချမ်းလေးနဲ့ ကိုယ့်မိသားစုလေး နေရရင် ကျေနပ်တယ်....။
ပိုက်ဆံဆိုတာ ဆုတတ်ရင် ပိုတယ် ဆိုပေမယ့် ကျန်းမာရေး ကို လုံးဝ အထိအခိုက်မခံ နဲ့နော် သား....။
ကျန်းမာရေး ကိုတော့ အထူး ဂရုစိုက်ပါ သားရယ်.....။
ညအိပ်ရင် ဂေါင်းစွပ် စွပ်အိပ် ဂေါင်းအေးရင် ဂေါင်းကိုက်တတ်တယ်.....။
နှာတွေမွှန်ရင် ဒဏ်ကြေဆေးကို နားထင်တို့ ဇက်ကြောတို့ လျှောက်ပွတ် ခြေဖ၀ါးလေးလဲ နဲနဲပွတ် နွေးနွေးထွေးထွေး အိပ်.....။
သားတို့ အရွယ်တွေက လူငယ်တွေပဲ ချမ်းတယ် ဆိုပြီး တအားလဲ ကွေးမနေနဲ့...ကိုယ်လက်လှုပ်ရှား လုပ်ပေါ့.....။
နေရာစိမ်း ဒေသစိမ်းမှာ ကိုယ် မသိတာတွေကို လေ့လာချင်ဇော သိချင်ဇောနဲ့ အတင့်ရဲပြီး မလုပ်နဲ့ မသွားနဲ့....။
အပြင်ထွက်ရင် သူငယ်ချင်းတယောက်ခေါ်သွားပြီးမှ ထွက်....။
အများနဲ့ ပြောသင့်တာပြော ရောသင့်တာရော .... ရယ်ရယ်မောမောနေတော့ တော်ရုံ တန်ရုံ ရယ်ရယ်မောမော ပြုံးပြုံး ရွှင်ရွှင်နေတော့ အိမ်သတိရ သက်သာတာပေါ့....။
အမေ့သားကို အမေ ယုံပါတယ်...။တွေ့တဲ့လူနဲ့ သင့်အောင်ပေါင်းမှာလို့....။
ကဲသားရေ အမေကတော့ အမေပြောနေကြအတိုင်း မနေ့ကနဲ့စာရင် ဒီနေ့က အမိမြေ ပြန်ဖို့ပိုနီးလာပြီ မနက်ဖန်ဆိုရင် တရက်တိုး ပိုနီးလာပြီပေါ့...။
အမေ့သားတွေ သမီးတွေ ပြန်ဆုံမယ့်ရက် ကို တွေးပြီးတော့ ပျော်နေတဲ့ အမေ......။
အမေ့သားလေး ရွှင်လန်းချမ်းမြေ့ပါစေ....။
အမေ
ကျနော် ဒီစာလေးကို အခုပြန်ဖတ်မိတဲ့ အချိန်မှာလဲ စဖတ်ရတဲ့ အချိန်တုန်းကလို မျက်ရည်ကျမိပါတယ် အမေ...။
အမေရယ်
ကျနော်တို့ မိသားစုတတွေ တယောက်တနေရာစီ တကွဲတပြားစီ နေရတာ ခဏတာ အချိန်လေးပါလို့ ကိုယ်စီတွေးထားကြပါတယ်.....။ သားတို့မိသားစု ပြန်ဆုံကြရင်လည်း အရင်လိုပျော်ပျော်ပါးပါးနေရအောင် နော် အမေ....။
အခုအချိန်မှာတော့ အိမ်ကိုသတိရ ပါတယ်ဆိုတာကလွဲလို့ ဘာမှလဲပြောလို့မရ......။
ရုရှားမှာ အနေကြာပြီ ဆိုတော့ ရုရှားပါးဝ လာပီလို့တော့ အမေထင်မှာပဲနော်...။
အမေရယ် သူများနိုင်ငံမှာ ပညာသင်နေရတယ် ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူးအမေ...။
အမေ့ကိုပြောရဦးမယ်....။၂.၀၅.၀၉ ရက်နေ့က သားခေါင်းမှာ ဆံပင်ဖြူ တချောင်းစတွေ့တယ် အမေ....။ အိမ်ကို သား ပြန်ရောက်ရင်တော့ အမေ့ခေါင်းမှာ ဆံပင်ဖြူဘယ်နှချောင်း တွေ့ပီလဲလို့ အမေ့ကိုမေးရဦးမယ်......။အမေ မညာတမ်း ဖြေရမယ်နော်....။
ရုရှားမှာ သားကိုယ်တိုင် ထမင်းဟင်းချက်စားနေရတယ် ပြောတော့ အမေ အံသြသွားတယ်မလား....။
စိတ်ချပါ...အမေ ရေးပေးလိုက်တဲ့ ဟင်းချက်နည်းအတိုင်း တသွေမတိမ်း လိုက်ချက်ပါတယ်...။အခု တော်တော် တိုးတက်နေပါပီ....။
ဒါပေမယ့် အမေ့လက်ရာကို တော့ မမှီသေးဘူးပေါ့ဗျာ.....။
သား အိမ်ကိုပြန်ရောက်မှ အမေချက်တဲ့ ငပိရေကြို တခွက်ကို ဘာနဲ့မှ မလဲပဲ အားရပါးရ စွဲပစ်လိုက်ဦးမယ်ဗျာ....။အဲဒီအချိန်မှ အငတ်လေးဆိုပီး အမေ မပြောရဘူးနော်....။
အမေ့ကိုသတိရတယ်.....။ အမေချက်ကျွေးနေကျ ထမင်းဟင်းကို သတိရတယ်.....။
အမေကို့ အမြဲတမ်းရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းပေးနေတဲ့ အမေ့ချစ်သော သား.....။
ကျနော်ဒီစာလေးကို ကျနော့်လိုပဲ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားမှာ ရောက်နေကြသော ကျနော်၏ သူငယ်ချင်းအားလုံး အတွက် အလွမ်းပြေအောင်ဆိုတဲ့ အိုင်ဒီယာလေးနဲ့ ရည်ရွယ်ရေးလိုက်တာပါ....။အမေ၏စာနဲ့ပတ်သက်ပြီး သတ်ပုံများမှာ မှားခြင်းမဟုတ်ပါ အမေ ရေးသည့်အတိုင်းသတ်ပုံက အစ မပြင်တော့ပဲ ထားခြင်းပါ...။
သြော် အမေ အမေ
အမေ မွေးလို့လူဖြစ်ခွင့်ရသော ကျနော် ရှိသမျှအားအင်တွေ ကုန်ချင်ကုန်ပါစေ ''''' အမေ... အမေ '''' လို့ ဒီကနေ အကျယ်ကြီး အော်ခေါ်လိုက်တယ်အမေ....။
လူတိုင်း အမေ ဆိုတဲ့ အသံလေးကြားရင် အနဲနဲ့အများတော့ မျက်ရည်ဝဲမိကြမှာပါဗျာ.....။
ကျနော်ချစ်သော အမေ့ကို ကျနော် ဒီ စာလေးရေးရင်းနဲ့ ရှိခိုး ကန်တော့လိုက်ရပါတယ်......။
အားလုံးသော ကျနော်၏ သူငယ်ချင်းအပေါင်းတို့ အရာအားလုံးကို အကောင်းမြင်၍ အမြင်ကောင်းနိုင်ပါစေလို့ ဆုတောင်းရင်း
Myanmar National Anthem
7 years ago
No comments:
Post a Comment