" အောင်မယ် လွမ်းရပါသော ပြည်တဲ့....။ မင်းက ငါ့ကိုလွမ်းတယ် ဟုတ်လား....။ မင်းက ငါ့ရင်ခွင်မှာ မွေးဖွားကြီးပြင်းခဲ့တာရော ဟုတ်လို့လား...။ မင်းကို ငါမမြင်ဖူးပါဘူး....။ " လို့ ပြည်မြို့ကြီး က ပြန်ဖြေတယ်ဗျာ......။
ဟုတ်ကဲ့ ကျနော်က ခင်ဗျားရင်ခွင်မှာ မွေးဖွားကြီးပြင်းခဲ့တာပါဗျာ....။ ကျနော် ပြည်သားပါဗျ....။ ခင်ဗျားရင်ခွင်ကို အုပ်ချုပ်နေတဲ့ ပဲခူးတိုင်းအနောက်ပိုင်းတိုင်း တိုင်းရုံး ဆိုတာ အရင်က ပြည်မြို့ဆေးရုံကြီးလေဗျာ....။ အဲဒီမှာ ကျနော့်အမေက ကျနော်ကို့ မွေးဖွားခဲ့တာဗျ.....။ နောက်ပြီးတော့ ခင်ဗျားရင်ခွင်က ပညာတတ်တွေ မွေးထုတ်ပေးနေပါတယ်ဆိုတဲ့ နေရာဖြစ်တဲ့ ပြည်တက္ကသိုလ် ဆိုတာ အရင်က ပြည်ကောလိပ် ပါဗျာ....။ ပြည်တက္ကသိုလ် က အဝေးသင်ဌာန ဆိုတာ ကျနော် ငယ်စဉ်က တက်ခဲ့တဲ့ တရုတ်စု မူလတန်းကျောင်းပေါ့ဗျာ.....။ ကျနော်က ခင်ဗျားရင်ခွင်မှာ အထက်တန်းကျောင်းသားဘ၀ အထိပဲ ခိုလှုံခဲ့ဖူးတာဆိုတော့ ခင်ဗျားက ကျနော့်ကို မမြင်ဖူးဘူးပေါ့ဗျာ.....။
အေး မင်းပြောတာတွေက ဟုတ်ပါတယ်....။ တချိန်က ငါ့ရင်ခွင်မှာ မြင်းလှည်းသံတွေ...သုံးဘီးကားသံတွေ...ထော်လာဂျီသံတွေ နဲ့ဆူညံခဲ့တယ်...။ အခုအချိန်မှာတော့ မော်တော်ဆိုင်ကယ်တွေဆိုတာ ၀ုန်းခတ်နေတာပဲ ကောင်လေးရေ....။ နောက်ပြီးတော့ မင်းကို ဂုဏ်ယူစရာပြောရဦးမယ်ကွ....။ ငါတို့ပြည်သူပြည်သားတွေဟာ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လာရင် နာမည်ပျက်လည်းမရှိသလို နာမည်တစ်လုံးကို တန်ဖိုးထားထိန်းသိမ်းတတ်ကြတယ်ကွ.......။
ဟုတ်ကဲ့ ခင်ဗျားပြောတာမှန်ပါတယ်ဗျာ....။ ဘူးစိမ်းကြီးလ္ဘက်ခြောက်ဆိုင်၊ ကျားပျံမကောက်ဆေးပေါ့လိပ်လုပ်ငန်း၊ ပစ်တိုင်းထောင်ဆေးပေါ့လိပ်လုပ်ငန်း၊ပတ္တမြားအရောင်တင်မှုန့်စက်လုပ်ငန်း တို့ဆိုတာ ကျနော်ငယ်ငယ်လေးကတည်းကနေ အခုအချိန်အထိကို နာမည်မပျက် လုပ်ကိုင်နေကြတဲ့လုပ်ငန်းတွေပါ.....။ ဒါကတော့ ကျနော်တို့ပြည်သားတွေရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အပေါ်ကို တန်ဖိုးထားတယ်ဆိုတာ ပြနေတာပါ....။
ကဲဆက်ပြောစမ်းပါဦး ငါ့ကိုလွမ်းတယ်ဆို...။ ငါ့ရင်ခွင်မှာ မင်းအမှတ်ရစရာ ဘာတွေရှိလို့လဲ.....။
ရှိတာပေါ့ဗျာ....။ သိပ်ရှိ....။ ပြောရရင်အများကြီးပဲ....။ ကျနော်ကတော့ အစားအသောက်နဲ့ ပတ်သက်လာရင် ထိပ်ဆုံးကဆိုတော့....။ အစားအစာ အကြောင်းပေါ့ဗျာ....။ ကျနော့်အဒေါ်တယောက်က သူမရဲ့မွေးရက်တိုင်းမှာ ရွှေဆံတော်ဘုရားသွားလေ့ရှိတယ်ဗျ.....။ သူမသွားရင် ကျနော့်ကို အမြဲခေါ်လေ့ရှိတယ်....။ သူမနဲ့အတူ မနက်စောစောဘုရားသွား....။ ဘုရားမှာ ကျနော့်အဒေါ်က ပုတီးစိပ်၊ ပြီးရင် တူဝရီး နှစ်ယောက် ခိုစာကျွေးပြီး.....ဘုရားပေါ်ကပြန်ခဲ့ကြတယ်....။ ဘုရားမြောက်ဘက်စောင်းတန်း၏ အနီးမှာရှိတဲ့ နာရီစင်အနီးမှာ နှုတ်ခမ်းမွှေး ပလာတာ ဆိုတာ အရမ်းကောင်းတာပဲဗျာ...။
အဲဒီမှာ ကျနော်တို့တူဝရီး နှစ်ယောက် တပတ်တခါ ပလာတာ စားခဲ့ကြတယ်ဗျ.....။ နောက်ပီးတော့......။
နောက်ပီးတော့ရော.....
ကျနော်တို့ငယ်ငယ်က အကြော် တခု ၂ ကျပ်ကို သွားသတိရလို့ပါဗျာ.....။ အခုအချိန်မှာ အကြော်တခုကို ၅၀ ကျပ် ဖြစ်နေပြီကိုး......။
ကျနော်ငယ်ငယ်က အိမ်မှာ အကြော်ဝယ်ရတဲ့တာဝန်ယူရတယ်ဗျ....။ ကျနော်တို့မိသားစုက မနက်ဆိုရင် အကြော်နှင့် ငပိဖုတ်ဆီဆန်းကို ထမင်းကြမ်းလေးနဲ့ စားနေကျဆိုတော့ ကျနော်က အမြဲတမ်းအကြော်ဝယ်ထွက်ရတယ်လေ......။ ငယ်ငယ်တုန်းကဆိုရင် ဘာခိုင်းခိုင်း ဖင်ကိုပေါ့နေတာပဲ....။ အခုအချိန်မှာတော့ အမေက တခုခု ခိုင်းတယ်ဆိုရင် ..... ဟာဗျာ...မလုပ်ရဲပါဘူး....မ၀ယ်ရဲပါဘူး...ရှက်စရာကြီး ဆိုတာမျိုးက ပြောဖြစ်သေးတယ်.....။
အဲဒီတုန်းက မိသားစု အားလုံးအတွက် အကြော် ၁၀ ခု ၀ယ်ရတယ်ဗျ....။ တခု ၂ ကျပ်ဆိုတော့ ၂၀ ဖိုးပေါ့ဗျာ....။ အဖေက တခါတလေ သူအိပ်ရာ စောစောနိုးတဲ့နေ့ဆိုရင်တော့ စစ်မှန်ထ္မင်းသုပ်ဆိုင် (ယခု တိုင်းရုံးအနီး) ဒါမှမဟုတ် ဒေါ်ဥထ္မင်းသုပ်ဆိုင် (ယဉ်ကျေးမှုရုံ အနီး) ကိုသွားဝယ်တော့တာပဲဗျို့.....။ ကျနော်ကတော့ မနက်တိုင်းအဖေစောစော အိပ်ရာနိုးပါစေလို့ ဆုတောင်းခဲ့ရပါတယ်ဗျာ.....။ ဒါမှ အမြဲတမ်း အုန်းနို့ခေါက်ဆွဲတို့ ထမင်းသုပ်တို့ အသုပ်စုံတို့ စားရမှာလေဗျာ.....။ ဒါပေမယ့် ကျနော်ကတော့ အကြော်နဲ့စားရလဲ ပျော်ခဲ့ပါတယ်ဗျာ.....။
မင်းပြောမှပဲ ငါတောင်စားချင်လာပြီကွာ....။ ဒါနဲ့မင်းကိုမေးရဦးမယ်....။ ငါ့ရင်ခွင်မှာ ရင်ခုန်တာတို့ သံယောဇဉ်လက်ကျန် မနက်ဖန်ရှိချင်သေးတာတို့ ဘာတို့ပေါ့ကွာ.....။ မဖြစ်ခဲ့ဖူးဘူးလား.....။
ကျနော် ခင်ဗျားရင်ခွင်မှာနေတုန်းက ရင်မခုန်ခဲ့ဖူးပါဘူးဗျာ....။ ခင်ဗျားမှ ကျနော့်ကိုရင်ခုန်ခွင့်မပေးတာ.....။ ကျနော်ရင်ခုန်တတ်တဲ့အရွယ်ရောက်တော့ ခင်ဗျားရင်ခွင်မှာ ကျနော်မရှိတော့ဘူးလေ...။ ဒါကြောင့် ခင်ဗျားနဲ့ ပတ်သက်ပြီး ရင်ခုန်စရာလေးတွေ မရှိခဲ့တာပါ.......။
သြော် ဒီလိုကိုး....။ ဘာပဲဖြစ်ဖြစ် မင်းအနေနဲ့ မင်းကိုလွမ်းခွင့်ရှိပါတယ်....။ အခုအချိန်လောက်ဆို ငါ့ကို တခြားသူတွေလည်းလွမ်းနေလောက်ပြီကွ.....။ နောက်ပြီးတော့ မျိုးဆက်သစ်လေးတွေကိုလည်း ငါ့ရင်ခွင်ကနေ ကြိုဆိုရမယ့်တာဝန်ရှိသေးတယ်ကွ....။ မင်းအနေနဲ့ ငါ့ကို အခုလို လွမ်းပေးတာ ၀မ်းသာပါတယ်ကွာ.....။ ငါလည်း မင်းတို့လို အဝေးရောက် ပြည်မြို့သူ ပြည်မြို့သားတွေကို လွမ်းနေမှာပါကွာ........
ပြည် ဆိုတဲ့ ကျနော့်ရဲ့ မွေးရပ်မြေလေးသည်.....အတိတ်က ကျနော့်ကို နွေးထွေးစေခဲ့သည်...... ပစ္စုပ္ပန် ကျနော့်ကို နွေးထွေးဆဲ နွေးထွေးနေပါ၏...... အနာဂတ် ကျနော့်ကိုနွေးထွေးမှုတွေဆက်လက် ပေးနေဦးမည်ဆိုတာ ယုံကြည်လျှက်.........
Myanmar National Anthem
7 years ago
No comments:
Post a Comment