ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

ခြင်ထောင် အပိုင်း ၁

Saturday, June 12, 2010
ချစ်ခြင်း မေတ္တာ၊ လူ့သဘာဝနှင့် ဘ၀ အမောတို့ကို သရော် ငွေ့ငွေ့ ဖြင့် ဖန်တီး ထုဆစ် ထားသည်မှာ ချစ်စရာ၊လွမ်းစရာ၊ နှစ်သက် ကျေနပ်စရာ ခံစားမှုတို့ကိုပေး နိုင်စွမ်းနိုင်သဖြင်'' ခြင်ထောင် ''  ဆိုသော ၀တ္ထု တိုအား ပေဖူးလွှာ မဂ္ဂဇင်းမှ ကူးယူဝေမျှ လိုက်ရပါတော့သည်။

ခြင်ထောင်

အပိုင်း ၁

ကိုယ့်အလုပ်အကိုင်၊ ကိုယ့်အိုး အိမ်၊ကိုယ့် အိမ်ထောင်နှင့် ဖြစ်လာမှတော့ ခြင်ထောင်တစ်လုံး အပို ရှိထားသင့်သည်။
သို့သော် အလုပ်အကိုင်နှင့် ဖြစ်ခဲ့သည်မှာ သုံးနှစ်ကျော်၊ မိန်းမ ရသည်မှာ နှစ်နှစ်ကျော်၊ ကလေး တစ်ယောက် အဖေ ဖြစ်ခဲ့သည်မှာ တစ်နှစ်ကျော် ရှိလာခဲ့ သည့်တိုင် မောင်စိုးမိုးမှာ ခြင်ထောင် တစ်လုံး အပိုဆောင်၍ မထားနိုင်သေးပေ။ ဤသို့ ပြောသောကြောင့် လူကြား ကောင်းအောင် ဆင်းရဲ ဟန်ဆောင်သည်ဟု ထင်ပြီး ရယ်သူတို့က ရယ်ကြပေမည်။ အဘယ် အကြောင်းတို့ကြောင့် ခြင်ထောင်တစ်လုံး အပို မထားနိုင်ကြကြောင်းကို ရှင်းလင်း ပြရပေဦးမည်။

မောင်စိုးမိုးသည် လခ အတော်အတန် ရသော အစိုးရ အမှုထမ်းတစ်ဦး ဖြစ်သည်။သို့သော် သူ့လခလေးထဲမှ သုံးပုံတစ်ပုံ ကျော်ကျော်သည် ညီဖြစ်သူ၏ တက္ကသိုလ် ကျောင်းစရိတ် ဖြစ်သွားသည်။ အလုပ်ရလျှင် မိန်းမစောစော မယူသေးဘဲ ညီဖြစ်သူအား ဘွဲ့ရသည် အထိ ကျောင်းထား ပေးပါ့မည်ဟု အလကား ပါးစပ် အငြိမ်မနေဘဲ ကတိ ပေးထားခဲ့မိသကိုး။ သို့သော် အလုပ်ထဲ ရောက်၍ တစ်နှစ် အကြာတွင် မချောစုကို လက်ထပ် ယူလိုက်ခြင်းပင် ပြောထားသော စကားတစ်ဝက်ကို ဖျက်လိုက်ရာ ကျသွားလေသည်။

ထိုချိုး ဖောက်မိသော အပြစ်ကို ကာမိစေရန် ကျောင်းစရိတ်ကို လစဉ်မှန်မှန် ပို့ပေးခြင်းအားဖြင့် ပြောစမှတ်ကြီး ဖြစ်နေမည့် ရာဇ၀င် အမည်းစက်ကို ဆေးဖြူသုတ်ရာ ရောက်သည် မဟုတ်လော။ စားကုန်ဈေးနှုန်းများ တစ်စစ ကြီးမြင့်လာသော အချိန် ကာလတွင် မောင်စိုးမိုး၏ ကျန်ရှိသော လစာသုံး ပုံနှစ်ပုံသည် မည်မျှအသုံးချွေတာသည် ဆိုစေကာမူ စားသောက်ကုန် ၀ယ်ယူရသည်နှင့်ပင် ကုန်သလောက် ဖြစ်သွားလေပြီ။ ကျန်ငွေကလေးများမှာ ဆေးပေါ့လိပ်ဖိုး၊ လက်ဖက်ရည် အချိုဖိုး၊ ၀တ္ထုစာအုပ်ဖိုး စသည့် အသေးသုံးလေးများ ဖြစ်သွားသည်။

ဘယ်ကလာ ငွေပိုပါ့မလဲ။ လက်ဖက်ရည် အချိုသောက်တာ ကိုးဟူ၍ စောဒက မတက် ကြစေလိုပါ။ မောင်စိုးမိုးသည် လက်ဖက်ရည် အချိုကလေးကိုမှ မသောက်ဘဲ ခြိုးခြံရမည် ဆိုပါလျှင် သူ၏ အင်ဂျင်နီယာ ဆိုသော ပညာကြီးကို ပြက်ရယ်ပြုရာ ကျပေလိမ့်မည်။ ထို့ကြောင့် ဦးနှောက်ကို ပူဇော်သော အားဖြင့် ရုံးသက်သာ ချောင်ချိရေး ဆိုင်မှ တစ်မတ်တန် လက်ဖက်ရည်ကို သောက်ရခြင်း ဖြစ်ပါသည်။

ပိုဆိုးသည်မှာ မြစ်ကြီး နားမြို့လို တစ်ပါး မြို့များထက် ဈေးကြီးတတ်သော ဒေသတွင် အစိုးရ အမှုထမ်း လာဖြစ်ရခြင်း ဖြစ်လေသည်။ မြစ်ကြီးနားသည် ရေလမ်း၊ ကားလမ်းအမည်ခံသာရှိပြီး တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်။ တစ်ခုတည်းသော အားထားရာ မီးရထားကလည်း အချိန်မမှန်။ သည်ကြားထဲက ကြက်တစ်ပိဿာဆယ့်ခြောက်ကျပ် ဆိုသည်လည်းရော့ ခရမ်းချဉ်သီး တစ်ပိဿာ ဆယ့်ငါးကျပ် ဆိုသည်လည်း ပေးဆိုပြီး အလွယ်တကူ ၀ယ်နိုင်စွမ်း ရှိသည့် ကျောက်စိမ်း အရောင်းအ၀ယ် သမားများလို ကျောက်ခဲဖြစ်မှ ငွေဖြစ်နေ သူများနှင့် ယှဉ်ပြိုင်ဝယ်ယူ စားသောက်နေရသော အခါ မောင်စိုးမိုး၏လခလေးမှာ သူ့ ဆရာ၏ မျက်နှာကို ကြည့်၍ လှိုက်ဖိုလှိုက်ဖို ဖြစ်နေရှာတော့သည်။

ကဲ ဒီလိုဆိုတော့ မောင်စိုးမိုး၏ အိမ်၌ ရှိနေသော အိမ်ထောင်သုံး ပစ္စည်းများကို ကြည့်မည်ဆိုလျှင် ဘယ်လို နည်းနှင့်မျှ ပြည့်စုံနေပါပြီဟု ပြောနိုင်လိမ့်မည် မဟုတ်ပေ။ ဘယ်လိုလုပ် ပြည့်စုံပါမည် နည်း။ အိမ်ထောင်ကျပြီး ၀ယ် ထားသည့် ပစ္စည်းဟူ၍ မည်မည်ရရ ပြောလိုက်စရာ ဘာမှ မရှိသေး။
သမ၀ါယမ ဆိုင်ခွဲတမ်းကလည်း တစ်လ တစ်လလျှင် မွှေးဆပ်ပြာ တစ်ခဲ၊ ဆပ်ပြာခဲ တစ်တောင့်၊ ဆန်တစ်ယောက် နှစ်ပြည်၊ အပ်ချည်လုံး တစ်လုံး စသဖြင့်သာ ပြီးပြီး သွားတတ်သည်။ မိန်းမရပြီး အသင်း ၀င်သည်မှာ နှစ်နှစ်ကျော်ခဲ့လေပြီ။ မှတ်မှတ်ရရ အိမ်သုံး ပစ္စည်းဟူ၍ သံပန်းကန်ပြား တစ်ချပ်နှင့် လက်ဖက်ရည် အချို ပန်းကန် တစ်စုံရခဲ့ဖူးသည်။ အချိုပန်းကန် တစ်စုံဆို၍ မောင်စိုးမိုး တော်တော်လေး ၀မ်းမြောက်သွားသည်။ အပြင်တွင် ဈေးကြီးလွန်း၍ မောင်စိုးမိုးတို့ အိမ်တွင် ဖန်ခွက် ထူကြီးများနှင့် သောက်နေရသည်မို့ လက်ဖက်ရည် အချိုပန်းကန် ရချင်နေသည်နှင့် အတော်ပင် ဖြစ်သွားသည်။ သို့သော် ဆိုင်သွား ထုတ်တော့ သူထင်သလို ငါးလုံးတစ်စုံ မဟုတ်ဘဲ အလုံးတစ်လုံး အပြား တစ်ချပ် တစ်စုံသာ ရခဲ့လေရာ မသုံးရက်တော့၍ ကြောင်အိမ်ထဲ ထည့်ပြီး အလှကြည့်နေလိုက်ရတော့သည်။

ထို့ကြောင့် တစ်အိမ်လုံးရှိ ပစ္စည်းများသည် မိဘပိုင် ပစ္စည်းများသာ များလေသည်။ အိုး၊ခွက်၊ ပန်းကန်၊ ဇွန်း၊ ချိုင့်၊ ဓား၊ ဓာတ်ဘူး၊ ခေါင်းအုံး၊ အိပ်ရာခင်း၊ ဖျာအားလုံးသည် သားသမီးတို့၏ မွေးရာပါ အခွင့်အရေး အရ တစ်ခုပြီး တစ်ခု ယူယူ လာခဲ့ခြင်းဖြင့် တစ်အိမ်ထောင် ဖြစ်နေရသည်။ မောင်စိုးမိုး၏ အမေကလည်း သားဖြစ်သူ၏ အိမ်သို့ ရောက်လာလျှင် သူပေးလိုက်သော ပစ္စည်းများချည်း တွေ့တွေ့နေရသောကြောင့် “အင်း သုံးနှစ်အတွင်း ငါ့သား ကိုယ်ပိုင် စုမိတာကတော့ ကလေး တစ်ယောက်ပဲ မည်မည်ရ ရရှိတယ်”ဟု မောင်စိုးမိုးအား ချီးကျူးနေပေသေးသည်။

မောင်စိုးမိုး၏ အမေပြောမည်ဆိုက ပြောစရာပင်၊ ယခု လက်ရှိ အသုံးပြုနေသော မောင်စိုးမိုးတို့ အိမ်၏ တစ်လုံးတည်းသော ခြင်ထောင်ကြီးမှာ မောင်စိုးမိုး အိမ်ထောင်ကျခါစတွင် သူ့ အမေ လှမ်းပို့ထားခြင်း ဖြစ်သည်။ ထိုခြင်ထောင်ကြီး မရောက် လာခင်ကမူ ကျောင်းသားဘ၀ထဲက သုံးလာခဲ့သော တစ်ယောက် အိပ်ခြင်ထောင်လေးနှင့်သာ မောင်စိုးမိုးတို့ လင်မယား အိပ်ကြရသည်။ ရလည်းရခါစ၊ ဆောင်းရာသီလည်း ဆောင်းရာသီ ဖြစ်နေ၍ တစ်ယောက်အိပ် ခြင်ထောင်ကလေးကပင် ပိုမိုအဆင်ပြေ စေ သေးသည်။

နောက်များ မကြာမီ နွေရာသီ ရောက်လာပြီး ရာသီဥတု ပူလာသည်။ မောင်စိုးမိုး၏ ဇနီးချောလေးပါ ရာသီဥတုနှင့် ထပ်တူ ဖြစ်သွားပြီး လင်မယား ခပ်ခွာခွလေး နေကြရသည်။ ပူအိုက်သော ရာသီတွင် ယခု အသုံးပြုဆဲဖြစ်သော နှစ်ယောက်အိပ်ခြင် ထောင်ကြီးကို မောင်စိုးမိုး၏ အမေက ချုပ်၍ ပို့လိုက်ခြင်း ဖြစ်သည်။မောင်စိုးမိုး အမေတို့ မြို့သမယ၀ါယမ ဆိုင်မှ ၀ယ်ခွင့် ရစဉ်က ပိတ်ပါ တစ်ခါတည်း ၀ယ်မရခဲ့လေ၍ ခြင်ထောင်ဇာကို အိုစာ မင်းစာ သိမ်းထားရစဉ် သားဖြစ်သူ အတွက် အသုံးလိုလာပြီ ဖြစ်သောကြောင့်သာ အိမ်ရှိ မသုံးတော့ပြီ ဖြစ်သော ပိတ်ခြင်ထောင် ဟောင်းကြီးမှ ဖြုတ်ယူ၍ ရသမျှ ပိတ်တို့ကို အမိုးနှင့် အနားဆွဲ ပိတ်အဖြစ် ကြံဖန် စပ်ဟပ်၍ ချုပ်လိုက်ရခြင်း ဖြစ်ပေသည်။

ထို့ကြောင့် နဂိုကပင် ယိသလိုလို ဖြစ်နေသော အနားဆွဲ ပိတ်များသည် မောင်စိုးမိုး သားတစ်ယောက် ရလာပြီး နှစ်ယောက် အိပ်ခြင်ထောင် ဘ၀မှ အနံအလျား ထူးခြား မပြောင်းလဲဘဲ သုံးယောက် အိပ်ခြင်ထောင်ကြီးဟု ရာထူး တစ်ဆင့် တက်လာရသည့် အခါတွင် အနည်းငယ် စုတ်တတ်လာသည်။

သို့သော် အထက်က တင်ပြခဲ့သော အကြောင်း အကြောင်းတို့ကြောင့်ပင် ခြင်ထောင် အသစ်တစ်လုံး မ၀ယ်နိုင်သေးရာ မောင်စိုးမိုးတို့ အိမ်၏ တစ်လုံးတည်း သော အတုမရှိ ခြင်ထောင်ကြီး ဟူသော ဂုဏ်ကို ဆက်လက် ထိန်းသိမ်း ထားဆဲပင် ဖြစ်သည်။ သို့သော် တစ်ခု ထူးခြား သည်ကား အရင်နှစ်များကလို ဆပ်ပြာမှုန့် ဖွေးဖွေးလေးများနှင့် ပွတ်၍ အလျှော် မခံရတော့ခြင်းပင် ဖြစ်သည်။ ယခု တလော၌ ခြင်ထောင်ကြီး ညစ်ပတ်သည့် အခါများတွင် ဆင်ချေးတုံး ဆပ်ပြာခဲ မည်းမည်းကြီးများနှင့် တအား ပွတ်တိုက်ပြီး အ၀တ်ဖွပ် တုတ်ဖြင့် နာနာ အဆော် ခံနေရသည်။ အိုကြီး အိုမ ဘ၀ရောက်မှ ကုသိုလ်ကံ မကောင်းဘဲကိုး။ ဆပ်ပြာရှား သည့်ကာလမှ ဘာကြောင့် ခြင်ထောင် လာဖြစ်သေးလဲ။

အပိုင်း ၂ ဆက်ရန်

No comments:

Post a Comment

 

Browse