ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

ခြင်ထောင် အပိုင်း ၂

Saturday, June 12, 2010
ခြင်ထောင် အပို မရှိခြင်းသည် ညအိပ်ဧည့်သည် လာလျှင် ပြဿနာ တစ်ခု ဖြစ်သည်။ ခြင်ထောင် ပါလာသော ဧည့်သည် ဆိုပါက တော်သေးသည်။ မြစ်ကြီးနားသည် ပူ အိုက်သောအရပ် မဟုတ်သော်လည်း ခြင်ကိုက်ခြင်း၌မူ အရည်အသွေး ညံ့လှသည် မဟုတ်။ထို့ကြောင့် ခြင်ထောင် မပါသော ဧည့်သည် ညအိပ် လာတည်းလျှင် အနီးအနား အိမ်များမှ ခြင်ထောင် ငှားရသည်။ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်နေလျှင်ကား မောင်စိုးမိုးသည် ခေါင်းမြီးခြုံ အိပ်တော့ ကွာဟု ရယ်စရာလိုလို ပြောရင်း တကယ်ပင် ခြင်ထောင် ငှားမပေးတော့။မောင်စိုးမိုး သဘော အကျဆုံးမှာ ၀ါသနာတူ မိတ်ဆွေ သူငယ်ချင်းများ ည အိပ်လာခြင်းပင် ဖြစ်သည်။ သူတို့နှင့် ဆိုပါက တစ်ညလုံး ထိုင်၍ စာပေ၀တ္ထု အကြောင်း၊ အနုပညာ အကြောင်းများကို တတ်သလောက် ဖတ်သလောက် နှီးနှော ဖလှယ်ပွဲ လုပ်လေ့ ရှိသောကြောင့် အိပ်ချိန် မရှိတော့ပေ။ လက်ဖက်ရည်ကြမ်းအိုးနှင့် ဆေးပေါ့လိပ်သာ များများ ၀ယ်ထားရန် လိုသည်။
ထို့ကြောင့် ညအိပ် ဧည့်သည်လာ၍ ခြင်ထောင်ငှား ငှားနေရတိုင်း ခြင်ထောင်အပို တစ်လုံးတော့ ၀ယ်ချုပ်ဦးမှ ဟူသော အတွေးကို လင်မယား နှစ်ယောက်စလုံး တွေးမိကြသည်။ သို့သော် ဧည့်သည်လည်း ပြန်သွား၊ ထိုအတွေးကလည်း ပြီးပြီးမေ့မေ့။

ဇာခြင်ထောင် တစ်လုံးကို ချုပ်နိုင်ဖို့ ဆိုသည်ကလည်း သိပ်ပြီး လွယ်လှသောကိစ္စ မဟုတ်။ ကိုယ့်ပိုက်ဆံနှင့် ကိုယ်တန်ရာ တန်ဖိုး ပေးဝယ်ရသည့်တိုင် ပစ္စည်း ၀ယ်ခွင့် ပြုသည်ကိုပင် အလကား နေရင်း ကိုယ့်ထမင်း ကိုယ်စားပြီး ကျေးဇူး တင်တင်နေရလေ့ ရှိသော သမ၀ါယမ ဆိုင်ဘက်သို့ မျှော်လင့် စောင့်စား နေခဲ့ရသည်မှာလည်း ကြာခဲ့လေပြီ။ ဟိုနိုင်ငံကျော် စာရေးဆရာကြီး၏ ၀တ္ထုတော်ကြီး တစ်ပုဒ်၌ ပါသော ရည်းစားစာကို မှီငြမ်းပြုပြီး အတီတေ ရှေးကာလ ဘယ်ဘ၀က စခဲ့ ရသည်လို့ စောင့်မျှော်ချက်ကို ရေတွက်လို့ မပြနိုင်သူကတော့ မောင်စိုးမိုးရယ်ပါဟုပင် စာဖွဲ့ လိုက်ချင်တော့သည်။
အပြင် ဈေးမှာတော့ ခြင်ထောင်ချုပ် ပြီးသားများလည်း အပုံလိုက်၊ အစများ ကလည်းအထပ်လိုက်။

သို့သော် ဈေးနှုန်းကမူ ခေါင်ခိုက်နေ သောကြောင့် မ၀ယ်ချင်ကလည်း နေ၍ ရသေးသော ခြင်ထောင် တစ်လုံးအတွက် ဤမျှထိ ငွေကုန်ခံရန် မတန် သေးဟု မောင်စိုးမိုး ယူဆထားသည်။ ထိုသို့သော အကြောင်းများကြောင့် အငယ်တန်း အရာရှိလေးတစ်ဦးဖြစ်သော မောင်စိုးမိုးတွင် ခြင်ထောင် တစ်လုံး အပိုမရှိသေး။
မောင်စိုးမိုးကလည်း ထမင်းလေးနပ်မှန်အောင် စားရပြီး ၀တ္ထု စာအုပ်လေးများ ဖတ်နေရလျှင် ကျေနပ်နေပြီ။ မောင်စိုးမိုး၏ ဇနီး မချောစုကလည်း ၀မ်းတူဟူး၊ ဇီးသီးပေါင်း၊ ကြံ စသည့် သွားရေစာများကိုသာ မြုံ့နေရလျှင် တပြုံးပြုံး ဖြစ်နေပြီ။

သို့သော် ကိုယ့်အိုးကိုယ့် အိမ်နှင့် ဖြစ်လာမှတော့ အလိုက်ကမ်းဆိုး မသိသော ဧည့်သည်များ လာလျှင် အထင် မသေးရလေအောင် ခြင်ထောင် အပိုတစ်လုံးတော့ ရှိသင့်သည် ဟူသည်ကိုကား ကန့်ကွက်မဲ မရှိ ထောက်ခံမဲ ရာနှုန်းပြည့်ဖြင့် အတည်ပြု ထားကြပါသည်။ မောင်စိုးမိုး နေထိုင်သော အကွက်အတွက် သမ၀ါယမ ခွဲတမ်းကို ကိုင်သောအကွက် မှူးမှာ ဦးမြဖေ ဖြစ်သည်။ မောင်စိုးမိုးတို့ ရုံးမှ စာရေးကြီး တစ်ဦးဖြစ်၍ ခင်မင် ရင်းနှီးသူ တစ်ဦး ဖြစ်ပါသည်။ လူတိုင်းနှင့် အဆင်ပြေအောင် ပေါင်းသင်း ဆက်ဆံတတ်သူ တစ်ဦး ဖြစ်သောကြောင့် မောင်စိုးမိုးနှင့် ပြောမနာ ဆိုမနာ။ ပြီးတော့ သူတောင်းသော အကူအညီ များကို မောင်စိုးမိုး လုပ်ပေးခဲ့ရပေါင်းလည်း များလှပေပြီ။ထို့ကြောင့် ဦးမြဖေ၏ အိမ်၌ စစ်တုရင် ထိုးရင်း
“သည်တစ်ခါ ခွဲတမ်းမှာ ခြင်ထောင်ဇာ ပါရင်တော့ ကျွန်တော့်ကို ထည့်ပြီး စဉ်းစား ပါဦးဗျာ။ ဧည့်သည်လာရင် ခြင်ထောင် ပေးစရာ မရှိတော့ ရုပ်ပျက်လွန်းလို့၊ ၊အိမ်က ခြင်ထောင်လဲ စုတ်နေပြီဗျ”

“ဟာ ခင်ဗျားတို့ အင်ဂျင် နီယာတွေပဲဟာ ငွေပေါသားပဲ၊ အပြင်က ၀ယ်ဗျာ”

“အပြင်က ၀ယ်နိုင်မှတော့ ခင်ဗျားကို လာပြီး မျက်နှာငယ် ခံပြောနေပါ့ လားဗျ။ ခင်ဗျား မယုံရင် အိမ်လာကြည့်ဗျာ။ တခြား အကွက်မှူးတွေနဲ့ကို မတူဘူး။ ခင်ဗျားလို အကွက်မှူးနဲ့ ခင်ရတာ နစ်နာတယ်ဗျာ။ တစ်ခါမှ ပစ္စည်း ကောင်းကောင်းလေးတွေ မရဖူးဘူး”

“ဟဲ ဟဲ ခင်မင် ရင်းနှီးတဲ့ လူက ခွဲတမ်း မပါလည်း ကိစ္စ မရှိဘူးဗျ။ သူတစိမ်း ဆိုရင် လာ ပြီးချဲမှာ ဆိုတော့”

သူ ဘာကြောင့် အပြင်မှ ခြင်ထောင် မ၀ယ်သည်ကို မောင်စိုးမိုးက အကြောင်းစုံ ရှင်းပြလိုက်သည်။ နောက်ဆုံး ၌မူ ဦးမြဖေထံမှ
“အေးပါဗျာ၊ ခင်ဗျားက တကယ် လိုအပ်နေတဲ့ ဥစ္စာပဲ။ ဒီတစ်ခါ ခွဲတမ်းမှာ ပါလာရင် ခင်ဗျားကို ဦးစားပေးပြီး ခွဲတမ်း ချမယ်”ဟူသော ကတိစကား ကို ရလေသည်။ ထိုနေ့က မောင်စိုးမိုးသည် စစ်တုရင်ကို မသိမသာ အလျှော့ပေး၍ ထိုးလိုက်သည်။ အမြဲတမ်း ရှုံးနေကျဖြစ်သော ဦးမြဖေသည် မောင်စိုးမိုးအား မနိုင်စဖူး နှစ်ပွဲဆက် နိုင်လိုက် ၍ တော်တော် သဘောကျသွား သည်။ ပွဲပြီး၍ အိမ်ပြန်ခါနီး မောင်စိုးမိုးက
“ဦးမြဖေ၊ ခွဲတမ်းကျရင် မေ့နေဦးမယ်”ဟု သတိပေး သည် ကိုပင်
“စိတ်ချစမ်းပါ” ဟု ပြန်ဖြေလေသေး၏။၏


အိမ်ပြန်ရောက်သော အခါ မည်သည့်အကြောင်း လေးဖြစ်ဖြစ်၊ မိန်းမကို ပြော မပြရလျှင် နေမထိထိုင်မသာ ဖြစ်တတ်သော မောင်စိုးမိုး သည် မချောစုအား
“မိန်းမရေ၊ တို့တော့ ခြင်ထောင် အသစ်တစ်လုံး ရတော့မယ်ဟေ့” ဟု ကြွားမိသေးသည်။
မချောစုကမူ
“လာမယ် ကြာမယ်ဆိုတာ ကြီးထဲကများလား အစ်ကိုရယ်”ဟု ခွန်းတုံ့ ပြန်လိုက်သည်။

ခွဲတမ်းစာရွက်များ ဝေငှ နေပြီဟူသော သတင်းကို ကြားရသော အခါ ခြင်ထောင်ဇာ ရတော့မည် ဟူသော သေချာပေါက် ထင်လုံးကြီးဖြင့် ဦးမြဖေ၏ နေအိမ်သို့ မောင်စိုးမိုးတစ် ယောက်ပြုံးပြုံးကြီး ရောက်သွားခဲ့ပါသည်။ ဦးမြဖေပေးသော ခွဲတမ်းစာရွက်လေးပေါ်မှ ခြင်ထောင်စဟူသော စာလုံး လေးသည်မောင်စိုးမိုး၏ မျက်နှာကို ဆလိုက်မီးလုံး ရာထောင်စု၍ ထိုးလိုက်သကဲ့သို့ ၀င်းပ သွားစေသည်။ မောင်စိုးမိုးသည် ထိုစာရွက်ကလေးအား အမြတ်တနိုး ခေါက်ပြီး အင်္ကျီအိတ်ထဲ ယုယုယယ ထည့်လိုက်သည်။

ထိုစဉ် ဦးမြဖေ၏ အိမ်ထဲသို့ အရပ်ပုပု၊ အသားညိုညိုနှင့် ဒေါင်လွန်းဆိုသော ကချင်အမျိုးသား တစ်ဦး ၀င်လာသည်။ သူတို့ ဌာန၌ အမှုထမ်း နေသော အလုပ်သမားခေါင်း တစ်ဦးဖြစ်၍ မောင်စိုးမိုး ကောင်းကောင်း သိသူ တစ်ဦးဖြစ်သည်။ ဒေါင်လွန်းသည် ထုံးစံအတိုင်း ပျာလောင်ခတ်သော အမူအရာ၊ စူးရှရှဝဲတဲ တဲအသံဖြင့်ပင် ဦးမြဖေသို့ ပြောလိုက်သည်။

“ဆရာ ခြင်ထောင်ဇာ ကျွန်တော့်ကို ပေးပါ။ အခု အိမ်မှာ ဆရာသိတဲ့ အတိုင်း ခြင်ထောင် မရှိဘဲ အိပ်နေရတယ်။ဟိုခြင်ထောင်က ဘယ်လိုမှ ပြန်လုပ်လို့ မရတော့ဘူး”

ဦးမြဖေသည် ဘာလုပ်ရမှန်း မသိ၍ စိတ်ပျက်သော အမူ အရာဖြင့် ခေါင်းကို ကုတ်ဖွလိုက်ပြီး ညည်းညူလိုက်သည်။
“မင်းကွာ ဘာလို့ အခုမှ လာပြောရတာလဲ။ခြင်ထောင်စ သုံးစပါတာက ခွဲတမ်းချပေး လိုက်ပြီကွ။ စောစောက လာပြောပါတော့ကွာ”
ဒေါင်လွန်းသည် မျက်စိလေး ပေကလပ် ပေကလပ်နှင့် ရပ်ကြည့်နေသည်။ “ညဆို ခြင်သိပ်ကိုက်တာ ဆရာ၊ ကလေးတွေဆို ကောင်းကောင်း မအိပ်နိုင်ဘူး”ဟုသာ ပြောပြ တတ်ဟန် တူသည်။

သူ့အဖြစ်ကလည်း စိတ်မကောင်းစရာ။ လွန်ခဲ့သော ဆယ်ရက်ခန့်က အလုပ်သမား တန်းလျားရှိ သူ့အခန်းပေါ်သို့ ညောင်ပင် လဲကျ၍ အခန်းပိပြို ပျက်စီးသွားသည်။ သစ်ပင်လဲ သည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ တန်းလျားနှင့် လွတ်သော ကိုင်းများကို ခုတ်၍ မီးဆိုက်ကြသောကြောင့် တန်းလျားပေါ် မိုးထွက်နေသော ကိုင်းများသာ ညောင်ပင်တွင် ကျန်နေခဲ့ပြီး ဟိုဘက်သည်ဘက် အလေး မညီတော့သည့် ကြားထဲညောင်ပင် ခြေရင်း အမှိုက်များ မီးပုံ၍ ရှို့လေ့ ရှိသောကြောင့် ပင်ရင်း၌ သစ်ခေါင်း ကြီးဖြစ်ကာ မဟန်နိုင်တော့ဘဲ ပြိုလဲရခြင်း ဖြစ်လေ သည်။ ထိုအချိန်က ညသန်းခေါင်ကျော်၍ သူတို့ သားအမိ သား အဖအားလုံး အိပ်မော ကျနေကြသည်။ ညောင်ပင်၏ကိုင်း ကြီးတစ်ခုသည် သွပ်မိုးကို ဖောက်၊ တန်းများကို ချိုးပြီး ဒေါင်လွန်း၏ ဇနီး ဖြစ်သူကို ပွဲချင်းပြီး အသက်ထွက်သွားစေ သည်။ ကလေးများနှင့် ဒေါင်လွန်းမှာမူ ကုသိုလ် ကံကောင်းသည် ဟုပင် ဆိုရပေမည်။ အပွန်းအပဲ့ အနည်းငယ်ရသည်မှာ တစ်ပါး ဘာမှမဖြစ်ကြ။

မိန်းမ ကွယ်လွန်သွား၍ ၀မ်းနည်းနေရသော ဒေါင်လွန်း အတွက် စိတ်မကောင်းစရာ တစ်ခုမှာ သူတို့ မိသားစု နှစ်အတော်ကြာ သုံးလာခဲ့သော ပိတ်ခြင်ထောင်ကြီးသည် ညောင်ကိုင်း ပိစဉ်က အစိတ်စိတ် အမြွှာမြွှာ စုတ်ပြဲသွားခြင်းပင် ဖြစ်ပါ၏။ ဒေါင်လွန်းအကြောင်း သိထားရသော မောင်စိုးမိုးနှင့် ဦးမြ ဖေတို့သည် ငိုင်နေမိသည်။

“ခက်တာပဲ ဒေါင်လွန်းရာ ခွဲတမ်း စာရွက်တွေက ဝေပြီးသား ဖြစ်နေတော့ ပြန်တောင်းလို့လည်း မကောင်းဘူးကွာ”
ဦးမြဖေသည် တကယ်တမ်း လိုအပ်နေသောသူ တစ်ဦးအား အကူအညီ ပေးရန် အခွင့်အရေး ရှိသည့် ကြားမှ မကူညီ လိုက်နိုင်ခြင်း အတွက် စိတ် မကောင်းဖြစ်နေဟန် ရှိသည်။

မောင်စိုးမိုးသည် ခြင်ကိုက်သောကြောင့် မအိပ်နိုင် ရှာကြသော ကလေးငယ်များ၏ ဒုက္ခကို တွေ့မြင်လိုက်မိပြီး စာနာ စိတ် ၀င်လာသည်။ တစ်ခါ တစ်ရံမှ လာသော ဧည့်သည် များထက် ဒေါင်လွန်း၏ ကလေးများသည် ခြင်ထောင် လိုအပ်နေပြီ မဟုတ်လော။ ထို့ကြောင့် သူ့အား မော်ကြည့်နေသော ဦးမြဖေအား ခွဲတမ်း စာရွက်ကို ပြန်ပေးလိုက်ရင်း
“ကဲ သူ့ကိုသာ ပေးလိုက်ဗျာ။ ကျွန်တော်ကတော့ နောက်တစ်ခါ ပါလာမှပဲ ယူတော့မယ်”
_ _ _
တစ်နေ့တွင် မောင်စိုးမိုး အလုပ်မှ မောမောပန်းပန်း ပြန်လာပြီး သူဖတ်ရန် ငှားထား သော စာအုပ်ကိုရှာသည်။ ထားသောနေရာ၌ မတွေ့ရ၍ မချောစုအား မေးရာ မီးဖိုထဲမှ ထမင်းချက်နေသော ဇနီးဖြစ် သူက
“ရီရီလာပြီး ငှားသွားတယ် အစ်ကိုရဲ့”

မောင်စိုးမိုးသည် ဒေါပွ သွားမိသည်။ သူဖတ်ချင်လွန်း၍ မရမက ငှားလာသော စာအုပ် ကို ဖတ်လက်စတစ်ဝက်တစ် ပျက်နှင့် တခြားသူတစ်ဦးက လာဆွဲသွားကြောင်း သိရသော အခါ စိတ်ကိုထိန်းချုပ် မထား နိုင်ဘဲ အော်ဟစ်လိုက်မိသည်။
“မင်းကို ငါပြောထားသား ပဲကွ။ စာအုပ်ငှားရင် ငါ လက်မှတ်ထိုးထားတဲ့ ကိုယ်ပိုင် စာအုပ်ငှားပါလို့။ အခုဟာက သူများဆီက ငှားလာရတာ၊ ပျောက်ရင် ဘယ်လို လုပ်မလဲ”

“မပျောက်စေရပါဘူး။ နက်ဖြန်ခါ သွားတောင်းပေးမယ်”

“သွားတောင်းတာကတော့ မင်းပြောမှလားကွ။ သူများ စာအုပ်ဆို မငှားပါနဲ့ ဆိုတာ ငါမင်းကို ဘယ်နှစ်ခါ ပြောရမှာလဲ။အမှတ်ကို မရှိဘူး”

“ကလေးက တစ်ဖက် ထမင်း ချက်နေတာနဲ့ ထွက်မကြည့်အားဘူး ရှင်ရေ”

“ဒါဖြင့် မင်းကို အိမ်ထောင်ရှင်မ ဆိုပြီး အိမ်မှာ ရှိနေတာ အပိုပဲပေါ့ကွ”

“တစ်ခါတည်း သူ့စာအုပ်လေး ငှားလိုက်မိတာနဲ့ ကမ္ဘာကြီး ဖျက်တဲ့ အပြစ်ကြီး ကျနေတာပဲ။ စာအုပ်ကို ဒီလောက် မြတ်နိုးနေရင် ဘာလို့ မိန်းမ ယူ ထားသေးလဲ”

အထက်အရာရှိနှင့် မပြေ မလည် ကိစ္စလေး တစ်ခု ဖြစ်လာခဲ့သောကြောင့် စိတ်ညစ်ညူး လာသော မောင်စိုးမိုးကလည်း နဂိုကမှ စိတ်က လက်တစ် ဆစ်ဆိုတော့ ဒေါသစိတ်ကို ချုပ်တည်း မရသည့် အချိန် ဇနီး ဖြစ်သူ မချောစုကလည်း တစ်နေ့လုံး ကလေးနှင့် နပမ်းလုံးရင်းက ထင်းစိုများနှင့် ထမင်းချက် နေရ၍ မျက်ရည်တရွှဲရွှဲ နှင့် ဒေါပွနေသည့် အခိုက်။ ထိပ်တိုက် လာတိုးမိကြပြီး ဘာမဟုတ်သည့် စာအုပ် ကိစ္စလေးကို အကြောင်းပြုကာ တစ်ဦးနှင့် တစ်ဦး စကား အခြေ အတင် ပြောမိကြသည်။ ပြီးတော့ လင်မယားတို့ ထုံးစံ အတိုင်း တစ်ဦးကို တစ်ဦး အပြစ်များ ရှာကြံ၍ နာနာ ကြည်းကြည်း စွဲချက်တင်ကြ သည်။ ဒေါသ ထွက်နေကြသူ များပီပီ မစဉ်းစားကြတော့ဘဲ စကားတစ်လုံး အတင်စီး မခံစတမ်း စကား စစ်ထိုးကြရာမှ နောက်ဆုံးတွင် စိတ်ဆိုးခြင်း၏ အထွတ်အထိပ်သို့ ရောက်လာကြပြီး
“ကဲ တော်ဆို တော်ကွာ။ ငါ လက်ပါမိလိမ့်မယ်”

“ရိုက်ပါ သတ္တိရှိရင် လုပ်ပေါ့၊ ယောက်ျားတန်မဲ့ လက်အားကိုးလို့”

“ကဲကွာ ကဲကွာ”

“သတ်ပါ သတ်ပါ သေအောင် သတ်စမ်းပါ။ မိန်းမဆိုတာ ရိုက်ရအောင် ယူထားတာ ပဲဟာ ဟင့်ဟင့်” ဟု မျက်ရည် ကျရခြင်းဖြင့် အဆုံး သတ်သွားလေတော့သည်။

ရန်ပွဲကြီး ပြီးသွားသော အခါ ဒေါသ မပြေသေးသော မောင်စိုးမိုးသည် မြို့တွင်းသို့ တစ်ပတ်လျှောက် သွားလိုက်သည်။ တဖြည်းဖြည်းနှင့် သွေးအေးသွားပြီး စိတ်ပြေလောက်သော အခါမှ အိမ်သို့ ပြန်လာခဲ့သည်။
သူ့ဇနီး မချောစုသည် သားရေ သေတ္တာ တစ်လုံးထဲသို့ သူနှင့် ကလေး အ၀တ်အစားများကို ဗီရိုထဲမှ ခွဲထုတ်ပြီး ထည့်နေသည်ကို တွေ့ရတော့
“ဒါက ဘာလုပ်မလို့လဲ”

မချောစုက မကျေချမ်း သေးသော အသံဖြင့်
“ကိုယ့်မိန်းမကိုမှ မသနား တတ်တဲ့ လူနဲ့ အတူ မနေချင်တော့လို့ သွားတော့မလို့”

“ဘယ်ကို သွားမှာလဲ”

“ဦးကြီးတို့ ဆီကို နက်ဖြန် ရထားနဲ့ သွားမယ်”

“မင်း သေသေချာချာ စဉ်းစားပြီးပလား”

“ပြီးပြီ”

“မပြင်နိုင်တော့ဘူးလား”

“ဗူးဆို ဖရုံမသီးဘူး”

မောင်စိုးမိုး၏ ယောက်ျား မာနကလေးကလည်း ခေါင်းထောင် ထလာပြန်သည်။
“အောင်မယ်၊ ငါက နင့်အတွက် ပြောနေတာ။ ဒီလို ဆိုလည်း ပြီးတာပဲ”

No comments:

Post a Comment

 

Browse