ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

မေမေ ပျိုးသော ပန်းတစ်ပင်

Saturday, June 12, 2010
၁၉၈၉ ခုနှစ်၊ ဧပြီလထုတ် ပေဖူးလွှာ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ၀ထ္ထုတို ဖြစ်ပါသည်။ ဖိုးထောင်၊ အောင်ဘ၊ သင်းအောင်ဆိုသော ငယ်သူငယ်ချင်း သုံးဦးနှင့် ကျောင်းဆရာမကြီး တစ်ဦးတို့ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ပါသည်။ အနှစ် (၂၀)ကြာ မြင့်ခဲ့ပြီ ဖြစ်သော်လည်း ဆရာမြတ်သင်း၏ ၀ထ္ထုတို ကလေးသည် လတ်ဆတ်သော ခံစားမှုနှင့် တွေးစရာ ဆင်ခြင်စရာများကို ပေးနိုင်ဆဲ ဖြစ်သည်ဟု ယုံကြည်သည့် အလျောက် “ခေတ်မရွေးတဲ့စာ” အဖြစ် ထပ်မံပုံနှိပ် ဖော်ပြလိုက်ပါသည်။
အယ်ဒီတာ
 မန်ကျည်းရွက် စိပ်စိပ်တို့၏ အရိပ် ကြဲဖြန့်ထားသော မြေတလင်းဝယ် သူထိုင်နေမိသည်။ ဤနေရာကား ငယ်စဉ်က သူစာကျက်ခဲ့ရာ နေရာလေး တစ်ခုပင်။ နယူးစတာ ဒီရီဒါ စာအုပ် အဖုံးပေါ်မှ ဘောင်းဘီတိုလေးနှင့် ကောင်လေးကို သူလွမ်းဆွတ် သတိရနေမိ၏။ ဤနေရာကား ငယ်စဉ်က ကျောက်ဒိုးလှိမ့်တမ်း ကစားခဲ့ရာ နေရာလေး တစ်ခုပင်။ မြေ ပြင်ဝယ် ၀ိုင်းစက်သော တွင်းငယ်ကလေးများ စီရီရီ ပေါ်လာသည် ထင်မိ၏။

ဤနေရာကား ငယ်စဉ်က သူ သုံးထပ် ကျားကစားခဲ့ရာ နေရာလေးတစ်ခုပင်။ မြေပြင်ဝယ် တုတ်ချောင်းဖြင့် ရေးခြစ် ထားသော စတုရန်းသုံးဆင့် ပေါ် လာသည် ထင်မိ၏။ “သားတို့ နေတဲ့မြို့က မော်တော်ကား တစ်စီးမှ မရှိဘူးဆို ဟုတ်လားသား” အိမ်ခန်းထဲမှ တိုးထွက် လာသော မေမေ့ အသံကို ကြား ရ၏။မေမေ့ အနားမှ သူ ထွက်ခွာ လာခဲ့သည်မှာ အချိန် အတော်ကြာသွားပြီ ဖြစ်ကြောင်း သတိပြုမိ၏။ မေမေသည် သားကို သူ့အနီးတွင် ရှိနေစေ ချင်သည့် အခါတိုင်း ဤသို့ပင် စကားတံတား သွယ်တန်း၍ ခေါ်ယူလေ့ ရှိသည်။ သူ အိမ်ထဲသို့ ၀င်ခဲ့သည်။ မေမေ့ကို နှိပ်ပေးနေသော ဒေါ်ဒေါ်ဥက သူ့ကို ပြုံးပြီး နှုတ်ဆက်သည်။

“မေမေ့ကို ဘယ်သူ ပြောလဲ” မေမေ့အနီး ကြမ်းပြင်တွင် သူထိုင်လိုက်သည်။

“မြေးလေးက ပြောတာပဲ”
ဒေါ်ဒေါ်ဥက မေမေ့ ပုခုံး သားများကို တံတောင်ဖြင့် ကြိတ်ပေးလျက်ရှိ၏။
“သာယာကုန်းက မြို့မှ မဟုတ်တာ မေမေရဲ့။ ဘောဂ ၀တီမြစ်က ရွာကိုပတ်ပြီး စီးနေတော့ ကုန်းလမ်း မပေါက်ဘူးလေ။ ဒီတော့ မော်တော်ကားလည်း မရှိဘူးပေါ့။ ကားမရှိတာက ဘာဟုတ်သေးလဲ။ လမ်းပေါ်မှာ လမ်းလျှောက်သွား နေတဲ့လူတွေကို ကြည့်လိုက်ရင် လူဆယ်ယောက်မှာ ငါးယောက်က ဖိနပ် မပါဘူး”

သူ့စကားကြောင့် ဒေါ်ဒေါ်ဥ အံ့အားသင့်သွားဟန် ရှိသည်။ နိမ့်မြင့် လှုပ်ရှားနေသော တံတောင်ဆစ်များ ခေတ္တ ရပ်တန့်သွား၏။
“ဆရာမကြီးကလည်း တော်၊ ကိုယ့်မှာ သားလေး တစ်ယောက်တည်း ရှိတာ ဘာလို့များ ဒီလောက်ခေါင်တဲ့ အရပ်ကို ပို့ထားပါလိမ့်”

“ကျွန်တော်က အစိုးရ အမှုထမ်းကိုး ဒေါ်ဒေါ်ဥရဲ့။ တာဝန်ကျတဲ့ ဒေသကို သွားရ တာပေါ့”

မေမေက ဒေါ်ဒေါ်ဥ၏ တံတောင်ကို လက်ဖြင့် ဆုပ်ကိုင်ပြီး အသာအယာ ဖယ်ရှားလိုက်၏။ ခဏ နားဦးဆိုသော သဘော။
“ဒေါ်ဥ ထမင်းစားပြီးမှ ပြန်နော်”

ဒေါ်ဒေါ်ဥက ဆေးလိပ် ခွက်ထဲမှ ပြောင်းဖူးဖက် ဆေးလိပ်တိုကို ယူပြီး ကြေးဝါမီးခြစ် ဖြင့် မီးညှိ၏။ ဆေးလိပ်ထိပ်တွင် ၀ုတ်ခနဲ မီးတောက်ဖြာ ထွက်လာသည် အထိ ဖွာရှိုက်ပြီးမှ တံတွေး စွတ်စိုနေသော လက်ချောင်းဖြင့် မီးတောက်ကို ငြိမ်းသတ်လိုက်သည်။
“သားကြီး ပြန်လာတဲ့ အခါ ဘာတွေများ ချက်ကျွေးနေလဲ ဆရာမကြီးရဲ့”

“ကျွန်မ ဘာမှချက် မကျွေးရပါဘူးရှင်။ အညာပြန် လာတဲ့ အခါ အညာစာတွေ စားချင်တယ်ဆိုပြီး သူတို့ဟာ သူတို့ စီမံနေကြတာပါ။ ဒီနေ့ ချက်စားတဲ့ ဟင်းတွေကို ပြောပြလိုက်ပါဦး သားရဲ့။ မင်း ဒေါ်ဒေါ်ဥကို”

“ဆူးပုတ်ကလေးနဲ့ နရှာကြီး ဟင်းချိုလေ ဒေါ်ဒေါ်ဥရဲ့။ ငရုတ်သီးတောင့်လေး မီးကင်ပြီး ခတ်မယ် စိတ်ကူးတာပဲ။ ပြီးတော့ ပဲကြီးနှပ်၊ အငန်ကတော့ ငါးပိတစ်ခဲကို ခရမ်းချဉ်သီးနိုင်း ချင်းနဲ့ ချက်ထားတယ်။ တမာရွက် တို့စရာ၊ သရက်သီး ခြောက်နဲ့ ၀က်သားရော ချက်ထားတဲ့ ဟင်းလေးက တစ်ခွက်၊ ဒေါ်ဒေါ်ဥ မြိန်မှာပါ”
မေမေက ပြေကျလာသော ဆံပင်များကို လက်ဖြင့် သိမ်းရစ်ရင်း ပြန်ထုံးနေ၏။ ငွေရောင် သမ်းနေသော ဆံမျှင် အချို့ကို သတိပြုမိသည်။

“ဒီကောင်က အစား သမား ဒေါ်ဥရဲ့။သူ ငယ်ငယ်က စာကျက်စေချင်ရင် အစားနဲ့ပဲ ချော့ပြီး အကျက်ခိုင်းရတယ်။ ပန်းသီးစိတ်ကလေးတွေ စိတ် ထားပြီး သား စာကျက်နော်။ စာတစ်ပိုဒ်ရလို့ မေမေ့ကို ပြန်ပြနိုင်တိုင်း ပန်းသီးတစ် စိတ်စားရမယ်လို့သာ ပြောလိုက် စာတွေ တအားကုန်း အော်ပြီး ကျက်တော့တာပဲ”
မြေသြဇာ ကျွေး၍ ပြုစု ပျိုးထောင် ပေးခဲ့ရသော အပင် ငယ်လေးကို ပြန်လည် သတိရ ဟန်ဖြင့် မေမေ့မျက်နှာ ပြုံးရွှင် နေသည်။

“ဒါကြောင့်လည်း ဆရာဝန်ကြီး ဖြစ်တာပေါ့တော်”

ဒေါ်ဒေါ်ဥက ဆေးလိပ် တိုကို ခွက်ထဲသို့ ပြန်ထည့် လိုက်ရင်း သုံးသပ်၏။ ထို့နောက် မေမေ့ကို တစ်ကျော နှိပ်ပေးရန် ပြင်ဆင်သည်။
“ကျွန်မတော့လေ ကိုယ့်မှာ သားသမီး မရှိပေမယ့် သူများ သားသမီးတွေ ထွန်းထွန်းပေါက်ပေါက် ဖြစ်တာများ မြင်ရရင် သိပ်ကြည်နူးတာပဲ။ ၇ လမ်းထဲက မမြခင်သား လေး ဖိုးထောင်ကို ဆရာမကြီး သိတယ် မဟုတ်လား။ ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်းက အမေ လှူချင်တာ လှူဖို့ဆိုပြီး ငွေ ၅၀၀၀ လာပေးသွားသတဲ့။ လိမ္မာလိုက်တာ”

အပိုင်း ၂ ဆက်ရန်

No comments:

Post a Comment

 

Browse