စိတ်ကူးပေါက်လို့ ယခင်က ရေးထားတာလေးကို ပြန်ဖတ်ရင်း အစအဆုံး ပေါင်းလိုက်တာပါ။
လိုအပ်ချက်တွေ အများကြီး ရှိနေဆဲပါ။
ခေတ်သစ် မောင်သစ္စာ
ဇာတ်လမ်း၏ နိဒါန်းအစမှာကား ကိုသစ္စာ တယောက် ရုရှားကို ပညာတော်သင် သွားဖို့ရန် အရွေးခံရခြင်းက ပဲ စတယ်ဆိုပါတော့လေ။
အပိုင်း ၁
- ဟော မောင်သစ္စာ မင်းရွာကို ပြန်လာတယ် ဟုတ်လား။
- ဟုတ်တယ် ဘကြီးမှုံ ကျနော် ရုရှားကို ပညာတော်သင် အရွေးခံရတယ် ဆိုတာ ဘကြီးမှုံကို လာအကြောင်းကြားရင်း နဲ့ ထွေးညိုကို လာနှုတ်ဆက်တာ။
- ဟေ ရုရှားကို ပညာတော်သင် အရွေးခံရတယ် ဟုတ်လား မောင်သစ္စာ။
- ဟုတ်တယ် ဘကြီးမှုံ။
- အေးကွယ် ၀မ်းသာပါတယ် မောင်သစ္စာ...။ မင်းအနေနဲ့ မင်းဘ၀ တိုးတက်ဖို့ ရုရှားကို သွားကို သွားရမယ်၊ သွားလည်း သွားသင့်တယ်လို့ ထင်တယ် မောင်သစ္စာ...။
- ကဲကဲ ခန နားပြီး ထွေးညိုနဲ့ သွား အလွမ်းသယ်လိုက်ဦး မောင်သစ္စာရေ...။
**********************************
အပိုင်း ၂
- ထွေးညို
- ဟယ် ကိုသစ္စာ ရွာကို ပြန်ရောက်နေတယ်..။ ထွေးညို တောင် မသိလိုက်ရပါလား....။ သွား လူဆိုး....။
- ထွေးညိုလေးကလည်းကွာ...ခုနကမှရောက်တာပါ...။ ကိုသစ္စာ ရုရှားကို ပညာတော်သင်သွားရမယ် ထွေးညို။ အဲဒါ ထွေးညိုကို လာနှုတ်ဆက်တာ.....။ နောက်ပြီးတော့ ကိုသစ္စာ ထွေးညိုကို ပစ္စည်းလေး တခုပေးစရာရှိသေးတယ်။
- ဘာများလဲ ကိုသစ္စာ။
- ဒီမှာလေ ထွေးညိုရဲ့ ရင်ထိုးလေး..။ ဟယ် ၀မ်းသာလိုက်တာ ကိုသစ္စာရယ် ထွေးညို ကလေ အဲဒီရင်ထိုးလေး ကို ပြန်မရတော့ဘူး
အောက်မေ့နေတာ။
- ဟုတ်တယ် ကိုယ် အလှူမှာ ကောက်ရတာလေ။ နောက်ပြီး ထွေးညိုရဲ့ ရင်ထိုးလေးကို ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ သိမ်းထားမိတဲ့ အတွက်လည်း ထွေးညိုကို တောင်းပန်ရဦးမယ်။
- မလိုပါဘူး ကိုသစ္စာရယ်။ အခု အဲဒီရင်ထိုးလေးကို ကိုသစ္စာကို လက်ဆောင်အဖြစ် ပြန်ပေးပါရစေ။ ကိုသစ္စာ ထွေးညို ကို သတိရတဲ့ အခါမှာ ဒီ ရင်ထိုးလေးကို ထုတ်ထုတ်ကြည့်ပေါ့ ကိုသစ္စာ။ ထွေးညိုကတော့လေ ကိုသစ္စာကို အချိန်တိုင်း သတိရနေတော့မှာပဲ ကိုသစ္စာ...။ အဟင့် အဟင့် အဟင့်...။ ကိုသစ္စာ ကိုသစ္စာ ပြန်လာမယ့်တနေ့ကို ထွေးညိုစောင့်နေမယ်နော်....။
- မငိုပါနဲ့ ထွေးညိုရယ် ကိုသစ္စာက ထွေးညိုကို အပြီး အပိုင်ခွဲသွားတာမှ မဟုတ်တာ...။ ထွေးညိုရယ် ကိုသစ္စာ ပညာစုံတဲ့ တနေ့ ထွေးညိုလေးဆီကို အရောက်ပြန်လာခဲ့ပါ့မယ်...။
******************************
အပိုင်း ၃
- ဘကြီးမှုံ ကျနော် မြတ်နိုးတန်ဖိုးထားရတဲ့ထွေးညိုလေးကို ဘကြီးမှုံကိုပဲ အပ်ခဲ့ရတော့မှာပဲ လေ။ ဘကြီးမှုံကပဲ ထွေးညိုလေးကို
စောင့်ရှောက်ပေးစေချင်ပါတယ်။ ကျနော် ရုရှားက ပြန်လာတဲ့ တနေ့မှာတော့ ဘကြီးမှုံရဲ့ အုပ်ထိန်းမှုကနေ ထွေးညိုလေးကို
တောင်းရမ်းလက်ထပ် ယူပါ့မယ်လို့ ကျနော်ကတိပေးပါတယ် ဘကြီးမှုံ...။
- ဒီအတွက်တော့ နောက်ဆံ မတင်းပါနဲ့ မောင်သစ္စာ..ဘကြီးမှုံ ထွေးညိုလေးကို သမီးလေး တယောက်လို
စောင့်ရှောက်ထားလိုက်ပါ့မယ် မောင်သစ္စာ။
- ဟုတ်ကဲ့ပါ ဘကြီးမှုံ နျူကလီးယားကို အိတ်နဲ့သွတ်ဖို့ ရုရှနယ်စေလွှတ်ခံရတာ ဆိုတော့ ကျနော့်ဘ၀နဲ့
ကျနော်သာ ရှိပါစေတော့ ။ ကျနော့်အတွက်လည်း ဘာမှ စိတ်ပူမနေကြနဲ့ဦး။ ကျနော် ဘကြီးမှုံကို ကန်တော့ခဲ့ပါတယ်။
- အေးကွယ် သာဓု၊ သာဓု၊ သာဓု။ သွားလမ်းသာလို့လာလမ်းဖြောင့်ပါစေကွယ်။
- ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဘကြီးမှုံ။
**********************************
ဒီလိုနဲ့ပဲ ကိုသစ္စာ တယောက် တခါမှ မစီးဖူးသည့် လေယာဉ်ကြီးကို စီးရင်း ရုရှားမြေ ဆီသို့ ခရီးနှင် လာပါတော့တယ်....။
**********************************
အပိုင်း ၎
နှင်းတွေက အုပ်အုပ်ဆိုင်းဆိုင်း၊ ပတ်ဝန်းကျင် တခုလုံးကလည်း ချမ်းချမ်းအေးအေးမို့ ရုရှားဆိုသည့် ဒေသကို သက်စွန့်ဆံဖျား လာခဲ့ရတဲ့ ကိုသစ္စာ အနေနဲ့ ထွေးညိုကို သတိရတဲ့ အခါတိုင်း လွမ်းမိသလို၊ လွမ်းတဲ့ အခါတိုင်းလည်း သတိရဖြစ် နေခဲ့ပါတယ်။
ပန်းစံပယ် နန်းလယ်မပေါ်ခိုက်ဟာမို့...... အလိုက်တော် တန်သင့်ရုံပ ခံပွင့်ကို ကုံးရတယ်.......
ထွေးညိုလေးရယ် အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်...
မျှော်လင့်ရည်မှန်းထားတဲ့ ပန်းတိုင်အသွယ်သွယ်...ရလာတဲ့ တနေ့ဝယ်...
တေးဆိုကာကွယ် သြော်... ထွေးညိုကိုချော့ဖို့ အသော့သော့လာခဲ့မယ်...
အခုများတော့တိုင်းပြည်ဝန် ထမ်းလျှက်မို့.......
ထွေးညိုလေးရယ် သေး ဆိုတာ ငုတ်တုတ်ပေါက်ရတယ် ( အဲလေ မဟုတ်သေးပါဘူး) အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်...။
(သြော် မှားတဲ့ အခါလည်း မှားပေမပေါ့)
သြော် ထွေးညို ထွေးညို....
သတိရလိုက်တာ ထွေးညိုရယ် ကိုသစ္စာလေ တိုင်းပြည်အတွက် ၀န်ထမ်းကောင်း တယောက် ဖြစ်ခဲ့ပေမယ့် ထွေးညို အတွက်ကတော့ ချစ်သူကောင်း တယောက် မဖြစ်ခဲ့ဘူး ထွေးညိုရယ်...။
စံပယ်ပန်း ပန်ချင်ခဲ့တဲ့ ထွေးညိုလေးကို ခံပွင့်လေးတွေ သီကုံးပြီး စိတ်ကျေနပ်အောင် ချော့ခဲ့၊ ပန်ပေးခဲ့ပေမယ်လို့ စိတ်ချပါ ထွေးညို ကိုသစ္စာရဲ့ ရည်မှန်းချက်တွေ ပြည့်ဝတဲ့ တနေ့မှာ ပန်စရာ စံပယ်ပန်းကုံးလေးနဲ့အတူ ထွေးညိုဆီကို အရောက်လာခဲ့ပါ့မယ် ထွေးညိုရယ်...။
*********************************
အပိုင်း ၅
အဝေးတမြေမှ ထွေးညို သို့
ထွေးညို
ဒီအချိန်ဆို ထွေးညို တယောက်
တွေ့နေကျ နေရာလေးကို ရောက်လေတိုင်း၊ တိုက်ဆိုင်တာလေးတွေ ရှိတိုင်း ကိုသစ္စာကို သတိရ လွမ်းဆွတ်နေလေမလား ရယ်လို့ ကိုသစ္စာ တွေးမိတယ်။ ကိုသစ္စာမှာတော့ ရုရှားသူအချောအလှ မဒီကညာ ဖြူဖြူဖွေးဖွေး လေးတွေကို နေ့တိုင်း ဖက်ရှင်ရှိုး ကြည့်သလို ကြည့်နေရပေမယ့်
သူတို့တွေ အားလုံးဟာ ပါးပြင်မှာ သနပ်ခါး ပါးကွက်ကျားလေး လိမ်းကျံထားတဲ့ ထွေးညိုလေးလောက် မချောတာအမှန်ပဲ ထွေးညိုရယ်။
ကိုသစ္စာတော့ ထွေးညိုနဲ့ နီးချင်လှပါပြီကွယ်။
ဒီကြားထဲ ကျောင်းတက်ရတာကလည်း ဘာသာစကား ကောင်းကောင်းမွန်မွန် နားမလည်တော့ အတန်းကို သွားသာနေရတယ်၊ အတန်းထဲမှာ ငုတ်တုတ်ထိုင်ပြီး အ, အ ကြီးလို ရေငုံနှုတ်ပိတ်နေ,နေရတယ်။ ဆရာက စာမေး မလားရယ် ဆိုပြီး မျက်နှာ အောက်ဆိုက်နေရတာလည်း သိက္ခာတော်ရ ကိုယ်တော်လား မှတ်ရတယ်။ စာသင်ခန်း သွားရင် နွားကို ပလာတာကျွေးနေသလား မှတ်တယ်။ ဗိုက်ကို ပြည့်ပြည့်သွားတာပဲ။ ဟူးးးးးးးးးး မလွယ်ပါဘူး ထွေးညိုလေးရယ်။
သင်ခန်းစာတွေကိုလည်း တခုမှ နားမလည်၊ နားမလည်လေ စိတ်ရှုပ်လေ။ စိတ်ရှုပ်လေ ထွေးညိုလေးကို ပိုသတိရလေပေါ့ကွယ် (ဆိုင်တော့ မဆိုင်သလိုပဲ)။ လွမ်းပေမယ့် မောင်ကြီး မပြန်နိုင်တယ် ဆိုသလိုပေါ့ ထွေးညိုရယ်......။
ထွေးညိုနဲ့ လူချင်းတွေ့တဲ့ အချိန်ကျမှပဲ ကိုသစ္စာ ထွေးညို ကို ဘယ်လောက်ချစ်တယ် ဆိုတာ လက်တွေ့ပြတော့မယ်...။
ထွေးညို ချစ်တဲ့
ကိုသစ္စာ
*********************************
အပိုင်း ၆
အဝေး တမြေမှ ကိုသစ္စာ သို့
ကိုသစ္စာ
ထွေးညို သတိတရ စာရေးလိုက်ပါတယ်။
ကိုသစ္စာ နေရော ကောင်းရဲ့လားဟင်။ အစစ အရာရာ အဆင်ပြေလိမ့်မယ်လို့ ထွေးညို ထင်ပါတယ်။ ကိုသစ္စာ ရေးလိုက်တဲ့ စာကို ထွေးညို ဖတ်ပြီးပါပြီ။ ထွေးညိုလည်း ကိုသစ္စာလိုပါပဲ။ အချိန်ရှိတိုင်း လွမ်းနေမိတယ်။ ဒါနဲ့ စကားမစပ် ကိုသစ္စာကို ထွေးညို သတင်းကောင်းပြောရဦးမယ်။ တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ
အင်တာနက် ဆိုတဲ့ နည်းပညာကြီး မြန်မာပြည်မှာ ခေတ်စားလာတာ အထူးအဆန်းမဟုတ်ဘူး ဆိုတာ ထွေးညို လိုပဲ အားလုံးအသိပါပဲလေ...။
အဲဒီလို အင်တာနက်ဆိုတာကြီးကို မြန်မာပြည်အနှံ့မှာ မြန်မာပြည်သူ ပြည်သားတွေ လိုလားတောင့်တစွာ၊ မက်မောစွာ အသုံးပြုနေကြသလို ထွေးညို တို့ ရွာမှာလည်း အင်တာနက်ဆိုတာကြီးကို သုံးရတော့မယ် ဆိုလားပဲ တော့။ ဘယ်လောက်ဝမ်းသာစရာ ကောင်းလိုက်လဲ လို့လေ။
ထွေးညိုလေးကတော့ ရွာမှာ အင်တာနက်ကြီး ရရင် ကိုသစ္စာနဲ့ ချက်တင် တက်မယ်၊ ဗွီဇက်အို ကြည့်မယ် ဆိုပြီး နေတိုင်း စိတ်ကူးယဉ်ရတာ အမောပါပဲ ကိုသစ္စာရယ် ။ နောက်ပြီး အင်တာနက်ကြီး ဆိုတာကြီး ရွာကိုရောက်လာမယ့်နေ့ကို လည်း မျှော်နေမိတယ်။ အင်တာနက်ဆိုတာကြီး ရွာကို ရောက်လာမှပဲ ကိုသစ္စာနဲ့ အဆက်အသွယ် ထပ်လုပ်တော့မယ်။ ဒါပဲနော် ။
ကိုသစ္စာ ရဲ့ ထွေးညို
*******************************
အပိုင်း ၇
ရွာ.မှာ အင်တာနက်ဆိုတာကြီး ရမည် ဆိုသည့် သတင်းမှာ မမှန်ပါချေ။ ဒီသတင်းကို ဘယ်သူက ပြောလိုက်တာလဲ ဆိုတော့ သာဒင်..........။
သာဒင် ဆိုတာက ထွေးညိုရဲ့ အချစ်ကို ရဖို့ ကိုသစ္စာ နှင့် အပြိုင် ကြိုးပမ်းခဲ့သည့် ရွာလူကြီးသား ဖြစ်၏။
သာဒင် မှာကား ရွာလူကြီးဖြစ်သည့် ဖခင်ဖြစ်သူကြောင့် ရွှေနားကပ်ရောင်ဖြင့် ပါးပြောင်နေသည့် လူဖြစ်၏။ အင်္ဂလိပ်စာလေး မတောက်တခေါက် တတ်ပြီး၊ အရာရာမှာ လူတွင်ကျယ် လုပ်ချင်နေတဲ့ ကောင်ပေါ့။ အခု အင်တာနက် ဆိုတဲ့ ကိစ္စကိုလည်း တောမရောက်၊ တောင်မရောက် လျှောက်ပြောခြင်းသာ။ ဒါကို ရွာသူ ရွာသားတွေက တကယ်ဖြစ်လာမလား ဆိုပြီး အဟုတ်မှတ်နေကြတာ။ အဆိုးဆုံးကတော့ ထွေးညိုပေါ့.......။
****************************
အပိုင်း ၈
- ဟဲ့ ထွေးညို ထွေးညို
- အမလေး ဘာလဲတော် လန့်လိုက်တာ အေးမြရယ်။
- ညဉ်းကလဲ ဘာတွေများစဉ်းစားနေလို့ ဒီလောက်တောင် ခေါ်မကြား အော်မကြား ဖြစ်နေရတာတုန်း။
- ဘာမှ မစဉ်းစားပါဘူးအေ ဟိုတနေ့က ရွာလူကြီး ပြောတဲ့ အင်တာနက် ဆိုတာကြီး အကြောင်း စဉ်းစားနေတာပါအေ။ ရွာလူကြီးက ပြောတယ်လေ မကြာခင် ငါ့တို့ရွာမှာ အင်တာနက် ဆက်သွယ်ရေး ရတော့မယ် ဆိုတာလေ။
- ဘယ် ကလာ အဲဒါ လျှေက်ပြောနေတာအေ့။ ညဉ်းကလဲ ရွာလူကြီး အကြောင်း သိသားနဲ့ သူ့သား သာဒင် ပြောသမျှ ကို လျှောက်ပြောနေတာ။ ဟိုကောင် သာဒင် ကလည်း မတောက်တခေါက်လေး သိရုံနဲ့ သူ့ကိုယ်သူ ဗဟုသုတ တော်တော် ရှိတယ်မှတ်နေတာ။ အခု အင်တာနက် ကိစ္စ ဆိုတာကလည်း သာဒင် လက်ချက်နေမှာပေါ့..။
- ဟုတ်ရဲ့လား အေးမြရယ်။
- အော် ငါက နင့်ကို ညာပါ့မလား ထွေးညိုရဲ့။
- အေး နင်ပြောတာ မှန်တယ် ဆိုရင်တော့ တွေ့ကြသေးတာပေါ့ သာဒင်ရယ်။
***************************
အပိုင်း ၉
ရွာလူကြီး အိမ်ကိုတော့ သွားရမှာ နည်းနည်း တော့ ခပ်လန့်လန့်ဖြစ်မိ၏။ သာဒင်၏ အင်တာနက် မဟုတ်မမှန် သတင်းကြောင့်သာ သွားရသော်လည်း မျက်နှာချင်းမဆိုင်ချင်သူနှင့် မျက်နှာချင်းဆိုင်ရမှာ အကြောင်းဖြစ်နေသည်..။ ထွေးညို ဒီရွာမှာ မျက်နှာချင်း မဆိုင်ချင်ဆုံးက သာဒင် ပဲဖြစ်၏။
ဟဲ့ ဟိုမှာ သာဒင်လေ နင်မေးစရာရှိတာ နင့်ဘာသာ မေးကြည့်ပေတော့။
စိတ်ထဲကသာ မေးချင်နေပေမယ့် သာဒင်နဲ့ မျက်နှာချင်းကို မဆိုင်လိုပေ။ ဘာလို့များ ဒီလို မဟုတ်တဲ့ အလုပ်တွေ လုပ်ချင်ရတာလဲ သာဒင်ရယ်။ စိတ်ထဲမှာတော့ သာဒင်ဆိုသော ရွာသူကြီး သားကို နုတ်နုတ်စဉ်း၍ နွားစာခွက်ထဲသာ ထည့်ကျွေးချင်စိတ် ပေါက်မိတော့၏။
*******************************
အပိုင်း ၁၀
- နင် ငါ့ဆီ လာမယ်ဆိုတာ ကြိုတွက်ပြီးသားပါ ထွေးညိုရယ်။
- ဟင် အခု အင်တာနက် ကိစ္စ ဆိုတာ ကြီးကို နင်ဖန်တီးလိုက်တာပေါ့လေ ဟုတ်လား။
- အေး ဟုတ်တယ် နင်က ငါ့ကို ရှောင်ဖယ် ရှောင်ဖယ် လုပ်နေပြီး သစ္စာမှ သစ္စာ ဖြစ်နေတာကိုး။ အေး အဲဒါ ကြောင့် နင် ငါ့ဆီ မလာ လာအောင်လို့ အခုလို အင်တာနက် ကိစ္စကို ငါဖန်တီး လိုက်ရတာဟေး...။
- အဲဒါ ပြောတာပေါ့ ငါလို ရွာလူကြီး သားကို ပြန်ကြိုက်ပါလို့...။ နင် မှ ပြန်မကြိုက်တာ နင်ထိုက်နဲ့ နင့်ကံပေါ့။ နင့် ရဲ့ သစ္စာ ဆိုတဲ့ ကောင်ကတော့ အခုချိန်ဆို ရုရှားဆိုတဲ့ တိုင်းပြည်ကြီးမှာ ရုရှားမလေးတွေနဲ့................ ဟားဟား.....။
- တော်တော့ သာဒင် နင့်စကားကို ဒီမှာတင် ရပ်ရင် ကောင်းမယ် သာဒင်။
- နင့်ကို ရွာလူကြီး ရဲ့ သားဆိုပြီး မကောင်းတတ်လို့ အကျိုးသင့် အကြောင်းသင့် ပြောနေရတာ... ။ နင့်လို အဖေ ရွာလူကြီး ဆိုတဲ့ အရှိန်နဲ့ တောမရောက် တောင်မရောက်၊ ဟိုစပ်စပ် ဒီစပ်စပ်လူမျိုးကို ငါက ပြန်မကြိုက်မိတာ ၀မ်းတောင်သာသေး။ နောက်ပြီးတော့ ငါ့ လက်က ရွာလူကြီးသားတွေ ဘာတွေ နားမလည်ဘူး ဆိုတာ နင်သိအောင် လုပ်ပြရမှာလား။
- ကောင်းပြီ ထွေးညို နင် ဒီလို အလုပ်မျိုးကို မကြိုက်ဘူးဆိုရင်လည်း နောင်ကို ဘယ်တော့မှ မလုပ်ဘူး လို့ ကတိပေးပါတယ် ထွေးညို ။ နောက်ပြီးတော့ သာဒင်ဆိုတဲ့ ကောင်က ဟောဒီက ထွေးညို အတွက်ဆို အသက်ကိုပဲပေးရ ပေးရ ဘာမဆို ပေးနိုင်တဲ့ ကောင်ပါဟ။ အေး နင် ရှင်းအောင် ငါ ထပ်ပြောဦးမယ်။ နင့်ကို မဖြစ် ဖြစ်တဲ့နည်းနဲ့ မရ ရအောင် ယူမယ် ဆိုတာပဲ...။
- ထွီ....။ အေး စိန်လိုက်လေ နင်ကပဲ ငါ့ကို ရအောင် ယူနိုင်မလား ငါကပဲ ကိုသစ္စာကို သစ္စာရှိရှိ စောင့်နိုင်မလား ဆိုလားကို ။။
- အေး လေ ဟောဒီ က သာဒင်ကလည်း စိန်ခေါ်ရင် တိမ်ပေါ် တက်ဖို့လည်း ၀န်မလေး ဘူး ဆိုတာ မြဲမြဲမှတ်ထား မိထွေးညိုရေ.......။
- ကောင်းပါပြီတဲ့ ရှင်..............။
ဒီအကြောင်းတွေကို ကိုသစ္စာကို တွေ့စေ၊ မြင်စေ၊ သိစေ၊ ကြားစေ ချင်လိုက်တာ ကိုသစ္စာရယ်...............။
**************************
အပိုင်း ၁၁
ရွာဦးစေတီ ပွဲတော် ကျင်းပမည့် နေ့ရက်များဆီသို့ ရောက်လာခဲ့ပေပြီ။ နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျ ပွဲတော်မို့ အားလုံးကိုယ်စီ သူ့အတွေးနှင့်သူ ပျော်နေကြ၏။ ရွာလူကြီးနှင့် ဘကြီးမှုံတို့ကတော့ ဇာတ်ပွဲ အတွက် ခေါင်းချင်းဆိုင် ဆွေးနွေး နေကြ၏။
အခုခေတ်စားနေသည့် ဖိုးချစ် ဇာတ်အဖွဲ့ကိုပဲ ငှားရင် ကောင်းလေမလား၊ တင်မောင်ဆန်းမင်းဝင်း ဇာတ်အဖွဲ့ကိုပဲ ငှားရင်ကောင်းလေမလား ပေါ့။ ရွာသူ၊ရွာသားတွေကလည်း ဟိုဇာတ်အဖွဲ့ ကောင်းတယ်၊ ဒီဇာတ်အဖွဲ့ ကောင်းတယ် နဲ့ တယောက်တပေါက်နဲ့ ပြောနေကြလေ၏။
ဒီလို ပွဲတော်အချိန်အခါ ကိုရောက်တိုင်း ရွာလုံးကျွတ် အတွေးကိုယ်စီ နှင့်မို့ တယောက်နဲ့ စကားပြောတာ၊ ရွာထဲမှာ ဆူညံတာတွေတောင် နည်းပါးသွားတယ်။
**********************************
အပိုင်း ၁၂
ပွဲတော်အတွက် သူများတွေ ပြင်ဆင်သလို ထွေးညိုလည်း ပြင်ဆင်ရပေဦးမည်။ ပွဲတော်မှာ သူများတွေထက်မလှတောင် ရိုးရိုးယဉ်ယဉ် ဖြစ်အောင်တော့ ပြင်မှဆင်မှ ဖြစ်ဦးမည်။ လိုအပ်တဲ့ အလှပြင် ပစ္စည်းတွေကိုတော့ မြို့တက်ပြီး ၀ယ်ရမည်။
ကြာပါတယ်လေ မနက်ဖန် မြို့ကိုဈေးဝယ်သွားတာပဲ ကောင်းတယ်။ မနက်စောစော ထနိုင်ဖို့ စောစောအိပ်မှ ဖြစ်မည်။
မနက်စောစောထ၍ မြို့ကို ဈေးသွားဝယ်ရန် အိပ်ရာစောစော ၀င်ခဲ့ပေမယ့် အတွေးတွေက အမျှင်ဖြတ်လို့ မရနိုင်အောင် ဖြစ်နေ၏။ ဒီလိုပွဲတော် ရက်မှာ သူများတွေ ပျော်နေကြပေမယ့်လို့ ထွေးညိုတယောက်တော့ပျော်နိုင်မည် မထင်ပေ။ နှစ်စဉ်နှစ်တိုင်း တာဝန်ကျရာ အရပ်ဒေသကနေ ပြန်လာတဲ့ ကိုသစ္စာနဲ့ တူစုံတွဲလို့ နွှဲပျော်ခဲ့ပေမယ့် ဒီနှစ်တော့ ထွေးညို တယောက်တည်း။ ဘာပဲဖြစ်ဖြစ် ပျော်အောင်တော့ နေရမည်။
ကိုသစ္စာက ပြောဖူးတယ် သူ့အတွက်တော့ ဟောဒီက ထွေးညိုဆိုတဲ့အရိုင်းစံပယ်လေးက ရင်ထဲမှာ နေရာအပြည့်ယူထားတယ်တဲ့။ ယုံပါတယ် ကိုသစ္စာ။
အကို သစ္စာရယ် ဟောဒီက ထွေးညိုဆိုတဲ့ အရိုင်းစံပယ်လေးက မဆွတ်ခင် ညွတ်ချင်နေတဲ့ သူပါ...။ ကိုသစ္စာ နဲ့ ထွေးညို ချစ်သူတွေဖြစ်လာမယ်လို့ လည်း ဘယ်လိုမှမထင်ထားဘူးလေ...။
***********************************
အပိုင်း ၁၃
အတိတ်က ပုံရိပ်တချို့ကို အစဆွဲထုတ်ခြင်း
တရွာတည်း အတူတူ နေပေမယ့် ကိုသစ္စာက ဘ၀ရည်မှန်းချက်ကြီးသူဆိုတော့ ရွာကျောင်းကနေ ၁၀ တန်းအောင်သွားခဲ့တယ်လေ။ ထွေးညိုကတော့ နဂိုကတည်းက ပညာရေးမှာ ပါရမီ ပါမလာတော့ ကျောင်းကို အတန်းဆုံးအောင်တောင် မတက်နိုင်ခဲ့ဘူး။
ကိုသစ္စာ ၁၀ တန်းအောင်ပြီးတဲ့နောက်မှာ
သူဝါသနာ ပါတဲ့ အင်ဂျင်နီယာကြီး ဖြစ်ဖို့ဆိုပြီး
မန္တလေး နည်းပညာတက္ကသိုလ်ကြီးမှာ စံပြအင်ဂျင်နီယာဆိုတဲ့သင်တန်းကို တက်ခဲ့တယ်လေ။ စံပြအင်ဂျင်နီယာ သင်တန်းဆင်းပြန်တော့လည်း ကျရာဒေသမှာ တာဝန်ထမ်းဆောင် ရတာမို့ ကိုသစ္စာနဲ့ အနေစိမ်းသလိုတောင် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ကိုသစ္စာနဲ့ ထွေးညို သူငယ်ချင်း၊ မောင်နှမ သံယောဇဉ်ကြောင့် စာအဆက်အသွယ် မပြတ်ခဲ့ကြပါဘူး။
လွန်ခဲ့တဲ့ ၃ နှစ်က ကိုသစ္စာ ပွဲတော်ရက် ရွာကို အလည်ပြန်ခဲ့တုန်းကပေါ့။ တနေ့မှာ ကိုသစ္စာ က ထွေးညို ကို ချစ်ရေးဆိုပါတယ်။ မမြင်တာကြာလို့လား မသိဘူး။ ထွေးညို ပိုလှလာတယ် တဲ့။ နောက်ပြီးတော့ ကိုသစ္စာက ပြောသေးသည်။ ချစ်စရာလည်း ပိုကောင်းလာတယ်တဲ့။
- ထွေးညို
- ရှင် ကိုသစ္စာ
- ကိုသစ္စာ ထွေးညိုကို ပြောစရာရှိတယ်
- ပြောလေ ကိုသစ္စာ၊ ပြောစရာရှိတာများ ပြောပေါ့။
- ထွေးညိုဆိုတဲ့ ကောင်မလေးကြောင့် အကို့ ရင်ထဲမှာ အရမ်းကို လှုပ်ခတ်နေပြီး သိလားထွေးညို။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ကိုခဲလုံးလေ ပစ်ချလိုက်သလိုပါပဲ ထွေးညိုရယ်။
ကိုသစ္စာရဲ့ ရင်တွေ အရမ်းကိုခုန်သွားတာလေ။
ကိုသစ္စာလေ ထွေးညိုကို ချစ်မိနေပြီ။ ကိုသစ္စာ ဒီလိုပြောလိုက်လို့ ထွေးညို စိတ်ဆိုးသွားလား။
- မဆိုးပါဘူး အကိုရယ် ရင်ထဲကချစ်ခြင်းမေတ္တာဆိုတာ အချိန်မရွေးပေါ်နိုင်တာပဲလေ။
- ဒါနဲ့ ထွေးညိုမှာ ရည်ရွယ်ထားတဲ့လူရှိနေပြီလား။
- မရှိသေးပါဘူး အကိုကလည်း ထွေးညို ကဘယ်သူ့ကိုမှ မချစ်ဘူးသေးဘူးလေ၊ ဒါပေမယ့် ရပ်ကွက်လူကြီးသား သာဒင်ကတော့ အကိုလိုမျိုး ချစ်တယ် ဆိုတာ ပြောဖူးတယ်။ ဒါပေမယ့် သူ့ကိုတော့ ပြန်မချစ်နိုင်ပါဘူး။
- ဟုတ်လား ဒါဆို အကို့ကိုတော့ပြန်ချစ်နိုင်တယ်ပေါ့။
- အကိုနော် ဘာတွေပြောနေတာလည်းမသိဘူး။
ထွေးညို ရှက်ရမ်းရမ်းပြီး ကိုသစ္စာ၏ ရင်ဘတ်ကို လက်သီးဖြင့် ဖွဖွလေး ထိရိုက်နေမိခဲ့တော့သည်။
ထွေးညို ရဲ့ လက်ကလေးကို ကိုသစ္စာက ဖမ်းဆုတ်လိုက်တဲ့ အခါမှာတော့ လွှတ်ပါ ကိုသစ္စာရယ် ဟုသာ ဟန်ဆောင်ရုန်းနေရသော်
လည်း ထွေးညို ကြာရှည် ဟန်မဆောင်နိုင်တော့ပေ။
ထွေးညို လည်း ရှက်သွေးဖြာတဲ့မျက်နှာနဲ့ နောက်ကို လှည့်မကြည့်ပဲ ကျောခိုင်းလျက် ကိုသစ္စာနှင့် ဝေးရာသို့ ထွက်ပြေးမိခဲ့လေတော့သည်။
ထိုနေ့မှ စ၍ ကိုသစ္စာနှင့် ထွေးညို၊ ထွေးညိုနှင့် ကိုသစ္စာ သိပ်ချစ်ကြသည့် ချစ်သူတွေ ဖြစ်သွားခဲ့ကြသည်။
အတွေးတွေ က များပြားလှသည့်အတွက် တညလုံး အိပ်၍ မပျော်နိုင်အောင်ကို ဖြစ်ခဲ့သည်။ အတိတ်က အဖြစ်အပျက်ကို ပြန်တွေးမိတာတောင် ထွေးညို၏ မျက်နှာမှာ ရှက်သွေးဖြာနေဆဲဖြစ်၏။
***********************************
ဒီလို အတွေးကိုယ်စီနဲ့ အလုပ်ရှုပ်နေကြတဲ့ အချိန်မှာတော့ သာဒင်ကတော့ ထွေးညိုကို ဘယ်လို ရအောင် ကြံရပါ့မလဲ ဆိုတာကို အမြဲတွေးနေလေတော့၏................။
***********************************
အပိုင်း ၁၄
သာဒင်၏ အကြံတွေကို ပျက်အောင် လုပ်သူကား အခြားသူမဟုတ်။ ထွေးညို၏ သူငယ်ချင်း အေးမြ ဖြစ်၏။ အေးမြသည် သာဒင်ကို တိတ်တခိုး ကြိတ်၍ ကြိုက်နေလေ၏ ။ သာဒင်က ထွေးညိုကို မရ ရအောင် ယူမည်ဟု ဆိုကတည်းက အေးမြ၏ စိတ်တွေ ပြာယာခတ်နေမိသည်။
ထွေးညို ကို ကြိုက်မယ့်အစား အေးမြကိုသာ ကြိုက်လိုက်ပါတော့လား ကိုသာဒင်ရယ်။ သာဒင်တယောက် ထွေးညိုနှင့် ကိုသစ္စာတို့၏ ချစ်ခြင်းကိုခွဲမည်ကို မလိုလားပေ။ ထိုကဲ့သို့ ကိစ္စမျိုး ဖြစ်လာမည်ကိုလည်း မလိုလားပေ။
ကိုသာဒင်ကိုလည်း အေးမြ အဆုံးအရှုံးအခံနိုင်၊ အချစ်ဆုံးသူငယ်ချင်း ထွေးညိုကိုလည်း မချစ်မနှစ်သက်သူနှင့် ပေါင်းရတဲ့ အဖြစ်အပျက်မျိုး မဖြစ်စေချင်။ စိတ်ရှုပ်လိုက်တာ သာဒင်ရယ်။ အေးမြ ဘယ်လို လုပ်ရပါ့မလဲ။
တခုခု တော့ ကြံမှ ဖြစ်တော့မည်။
သာဒင်ကို မရရ အောင် တားရမည်။
ဟုတ်တယ် ငါဒီလို လုပ်မှဖြစ်မယ် လုပ်ကိုလုပ်ရမယ် .... မိမိကိုယ်မိမိ စေခိုင်းမှုနဲ့အတူ............။
*********************************
အပိုင်း ၁၅
ဒီအချိန်လောက်ဆို ရွာမှာ ပွဲတော် ကျင်းပတဲ့ အချိန်တောင် ရောက်ပါပေါ့လား။
ရွာကို အရမ်းသတိရနေမိတယ်။ ရွာကို သတိရတယ်ဆိုတာထက် ရင်နှင့်ရင်း၍ ချစ်ရသည့် ထွေးညိုလေးကို သတိရနေမိသည်ဟု ဆိုက ပို၍ မှန်လိမ့်မည်။ ပို၍ ဆိုးတာက ထွေးညို ဆီက အဆက်အသွယ် မရခြင်းပင်ဖြစ်၏။
စာမလာ သတင်းမပါး ဘာတွေများ ဖြစ်နေပါလိမ့် ထွေးညိုရယ်။ ကိုသစ္စာရေးတဲ့ စာတွေပဲ မရောက်လို့လား။ ကိုသစ္စာကတော့ ထွေးညို လက်ရေးလေးတွေ ပါတဲ့ အလွမ်းစာတွေကို နေ့စဉ်နဲ့အမျှ မျှော်နေမိတယ်။
ထွေးညိုတယောက် ဘာများဖြစ်နေပါလိမ့်ဟု နေ့တိုင်း တွေးရသည်မှာလည်း အမောပင်..............။
***********************************
၁ နှစ် ခန့် ကြာပြီးနောက်
***********************************
အပိုင်း ၁၆
မင်္ဂလာရှိတဲ့ နံနက်ခင်းမှာ
တိုက်ခတ်လာတဲ့ လေပြေလေးတွေနဲ့အတူ ကျနော် ရဲ့စိတ်တွေကို ဟိုးအဝေးဆုံးသို့
လွှင့်မျောခွင့် ပေးထားလိုက်မိသည်။ စိတ်ထဲမှာ အရမ်းကို ပျော်ရွှင်နေမိသည်။ နောက်တပတ်ဆို အမိမြေကို ပြန်ရတော့မည်။ ကျနော်ရဲ့ မွေးရပ်မြေ၊ နောက်ပြီးတော့ကျနော်ချစ်တဲ့ ထွေးညိုလေးနဲ့ တွေ့ရတော့မယ် ဆိုပြီးတော့လေ...။
*************************************
အပိုင်း ၁၇
နျူကလီးယား နည်းပညာများ ကို ရင်ဝယ်ပိုက်၍ ရုရှားမြေမှ အဆင့်ဆင့် ထွက်ခွါလာသည့် ကိုသစ္စာမှာ နောက်ဆုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ခဲ့လေသည်။ လေယာဉ်ပေါ်မှ နေ၍ မြန်မာပြည်၏ အလှအပ ကို အားပါးတရ ခံစားလိုက်မိသည်။ မြန်မာပြည်မှာ နေစဉ်တုန်းကတော့ အမိမြေ၏ အလှအပကို တခါမှ ခံစားမကြည့်ဖူးခဲ့။
အမိမြေနဲ့ အချိန်ကာခု တခုမျှ ခွဲခွာနေရ၍လား မသိ။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဒေသ ကို အခုလို ပြန်လာရတာ အရမ်းကို ပျော်ရွှင်နေမိ၏။ ပတ်ဝန်းကျင်တခုလုံးကလည်း စိမ်းစိမ်းစိုစို နှင့် နွေးထွေးသည့် အငွေ့အသက်ကို ရှူရှိုက်မိ၏။ လေယာဉ်ပေါ်က ဆင်းလျှင် ရန်ကုန်မှာ အလုပ်ကိစ္စများ လုပ်စရာရှိတာကို လုပ်၍ ရွာကို အရောက်သွားရပေဦးမည်။
**********************************
အပိုင်း ၁၈
ကိုသစ္စာ တယောက် ရွာကို ပြန်ရောက်ခဲ့လေပြီ။ ရွာမှာ ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲ တိုးတက်နေလေသည်။ လူနေမှုစနစ် ပြောင်းလဲ ရုံသာမက ရွာကလူတွေလည်း အတော်ပြောင်းလဲ သွားခဲ့လေပြီ။ ဘကြီးမှုံသည်လည်း အတော်ဇရာ ထောက်နေရှာပါပေါ့လား။
- ဘကြီးမှုံ
- ဟင် မောင်သစ္စာ မင်းပြန်လာတယ်နော်။
- ဟုတ်တယ် ဘကြီးမှုံ၊ ဒါနဲ့ ထွေးညိုလေးရော ဘကြီးမှုံ။
- မောင်သစ္စာ မင်း အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့ပြီ မောင်သစ္စာ။ ဘာဖြစ်လို့လဲ ဘကြီးမှုံ ကျနော့်ကို ပြောပါဦး။
- အေးကွယ် ပြောရမှာတော့ စိတ်မကောင်းပါဘူး။ မင်းရဲ့ ထွေးညိုလေး ကံဆိုး ရှာပါတယ်..။ မင်း ရွာအ၀င် ညောင်ပင်အောက်က မြေပုံလေးကို တွေ့ခဲ့တယ်မို့လား...။
- ဗျာ ထွေးညို ဆုံးပြီလား။ အဲဒါ ထွေးညိုရဲ့ မြေပုံလား...။ ပြောပါဦး ဘကြီးမှုံရယ်...။
- အဲဒါ ဘကြီးမှုံ ငယ်ငယ်တုန်းက ဆော့ခဲ့တာလေ...။
- ဟာဂျာ နောက်တယ် ဂျာ...။ အနော်က အတည်မှတ်လို့...။
- ဒါပေမယ့် ထွေးညိုလေး ကံဆိုးရှာပါတယ်။ ရွာလူကြီးသား သာဒင် လေ... သာဒင် မင်းမှတ်မိတယ်မလား။
- ဗျာ ဘကြီးမှုံ ကျနော့်ထွေးညိုလေးကို ဒီကောင် စော်ကားသွားလို့လား။ ဒီကောင့်ကို ကျနော် သတ်မယ်... ဒီကောင်ဘယ်မှာလဲ ကျနော့်ကို ပြောစမ်းပါ ဘကြီးမှုံ.... ဒီကောင်ကို ကျနော် သတ်ကိုသတ်ရမှ ကျေနပ်မယ် ဘကြီးမှုံ...။
- အေးကွယ် သာဒင် ကတော့ အေးမြနဲ့ တယောက်တခွန်း အချင်းများရင်းကနေ ကိုယ်ထိလက်ရောက် လူသတ်မှု ကျူးလွန်မိသွားလို့
ရွာသားတွေ ၀ိုင်းရိုက်တာ သူ့စားရိတ်နဲ့ သူ သွားရှာပြီ။
- ဒါဆို ထွေးညို ဘယ်မှာလဲ ဘကြီးမှုံ....။
- အခုတော့ သူ့ဘ၀လေး ငြိမ်းချမ်းသွားပါပြီ မောင်သစ္စာ...။ ထွေးညိုကို တွေ့ချင်တယ် ဆိုရင်တော့ ရွာမြောက်ပိုင်းက စိန်ပန်းပင်ကြီး အောက်ကိုသာ သွားကြည့်ပေတော့ မောင်သစ္စာ...။
**********************************
အပိုင်း ၁၉
ရွာမြောက်ပိုင်းက စိန်ပန်းပင်ကြီး အောက်သို့ ရောက်သော်...................
စိန်ပန်းပင်ကြီးအောက်တွင် မည်သူ့ကိုမျှ မတွေ့ရပေ။ ဘေးပတ်ဝန်းကျင်တခုလုံးကို လည်း ဟိုမှ သည်သို့ ဖွေရှာကြည့်မိသည်။ ဘာဆိုဘာမှ ကို မတွေ့ရပေ။ ဘကြီးမှုံ...............။ အသံကုန်ဟစ်ပြီး အော်လိုက်မိ၏။............
ဘကြီးမှုံ ကျနော့်ကို ညာလိုက်ပြီလား ဘကြီးမှုံရယ်။
- ဘကြီးမှုံ မညာပါဘူး ကိုသစ္စာ။
- ဟင် ထွေးညို။ ထွေးညို ဘာမှ မဖြစ်ဘူးနော်။
- ဘာဖြစ်ရမှာလဲ ကိုသစ္စာ။ လူကို ပစ်ထားတုန်းက ပစ်ထားပြီး အခုမှ အပိုတွေ လာမေးနေတယ်။
- စိတ်မဆိုးပါနဲ့ ထွေးညိုရယ်။
- ဆိုးမှာပဲ။
- ထွေးညို စိတ်ဆိုးပြေအောင် ကိုသစ္စာ ဘာလုပ်ရပေးရမှာလဲ ထွေးညို။
- မခက်ပါဘူး။ နောက်ကို ထွေးညိုကိုပစ်ပြီး ဘယ်ကိုမှ မသွားတော့ပါဘူး ဆိုတဲ့ ကတိပေး လေ။
ကိုသစ္စာက ထွေးညို၏ ပုခုံးလေးကို ဆုပ်ကိုင်ကာ ရင်ခွင်တွင်းသို့ ဆွဲသွင်း၍ နူးညံ့သော ထွေးညို၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ...။
- စိတ်ချပါ ထွေးညို။ ကိုသစ္စာ အဲဒီကတိကိုပေးပါတယ်။
နောက်ပြီးတော့ ထွေးညိုအတွက် ချစ်သူကောင်းရော၊ ခင်ပွန်းကောင်းရော ပီသစေရပါမယ်လို့ ကိုသစ္စာ ကတိပေးပါတယ်။
ချစ်သူ ဖြစ်သူ ကိုသစ္စာ၏ စကားများကို ကြားလိုက်ရသည့် အခါမှာတော့ ထွေးညို၏ မျက်နှာလေးမှာ ၀င်းလက်မှုနှင့် အတူ၊ ဖော်ပြလို့ မရနိုင်သည့် ကြည်နူးမှုတွေက အရိပ်အရောင် ယှက်ဖြာသွားလေတော့သည်။
ပြီးပါပြီ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Myanmar National Anthem
7 years ago
No comments:
Post a Comment