ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

ပထမဆုံး ရင်ခုန်သံစီးချင်း

Monday, February 22, 2010
ကျနော် စပြီး စာရေးဖြစ်ခဲ့တာက အမ်တီယူ ကျောင်းသားဘ၀မှာပါ။ ကျနော် စာရေးမည်လို့လည်း ရည်ရွယ်ချက်မရှိခဲ့ပါ။ မှတ်မှတ်ရရ ပထမဆုံး စရေးဖြစ်တဲ့ ၀တ္ထုတိုနာမည် က ခြေမရေးတဲ့ ဖူးစာ တဲ့။

ဇာတ်ကောင် နာမည်ကို ကျနော်ပေးထားတာက စွမ်းနိုင်လွန်း လို့လေ။ ကောင်မလေးနာမည် က အိမ့်မြတ်ချယ် တဲ့လေ။ ဇာတ်လမ်းကို ရန်ကုန် က ကားတိုးစီးရတဲ့ ဘ၀လေးနဲ့ နိဒါန်းပျိုးထားတယ်။ တနေ့မှာ ကျနော့်ရဲ့ ဇာတ်ကောင် ၂ ယောက်က ကားတိုးစီးတယ်။ ဖြစ်ချင်တော့ ကားက လူကြပ်တာရယ်၊ ကောင်မလေးက ဒေါက်မြင့်ဖိနပ် စီးမိတဲ့ နေ့ရယ် က ကွက်တိဖြစ်သွားတယ်။ လူကြပ်တော့ ကောင်မလေး စီးလာတဲ့ ဒေါက်မြင့်ဖိနပ်က စွမ်းနိုင်လွန်း ရဲ့ ခြေမကို တက်နင်းမိသွားတယ်။ ကျနော့် ဇာတ်လိုက်က ငေါက်မယ်လဲလုပ်ရော ကောင်မလေးက တောင်းပန်တာက တကြောင်း၊ ချောတာက တကြောင်းကြောင့် စိတ်လျော့ပြီး ခင်မင်မှု ရအောင်ယူပြီး ဖေဖော်ဝါရီ ၁၄ မှာ ၁၅၀၀ ဆေး တိုက်ကျွေးလို့ ရည်းစားတွေ ဖြစ်သွားတယ်ပေါ့ဗျာ။



ရည်းစားတွေ ထုံးစံအတိုင်း လျောက်လည်တာပေါ့လေ။ တနေ့ သိမ်ကြီးဈေးမှာ ကောင်မလေးတွေကို ငေးမှုနဲ့ ပတ်သက်ပြီး၊ အိမ့်မြတ်ချယ်က မောင် ကျမတယောက်လုံးကို ဘေးမှာ ရှိနေရက်သားနဲ့ မောင်က ကောင်မလေးတွေကို ဘာလို့ငေးရတာလဲ ဆိုပြီး မုန်းတီး လမ်းခွဲလိုက်တယ်။ အဲဒီမှာ ကျနော့်ဇာတ်ကောင်က စိတ်တွေညစ်၊ အရက်တွေသောက်။
အရက်သောက်ခန်းလေးကို ကျနော်ရေးပုံက ဒီလို။
သူရယ် သူ့သူငယ်ချင်းရယ် ၂ ယောက်သောက်ကြတယ်ပေါ့လေ။ အဲဒီမှာ ကျနော့်ဇာတ်ကောင်က သူ့သူငယ်ချင်းကို
အချစ်ဆိုတာ ဘာလဲသိလားတဲ့။ ငါကတော့ အချစ်ဆိုတာ rum လို့ နာမည်ပေးချင်တယ်ကွာတဲ့။ ဟုတ်တယ်လေတဲ့ rum ဆိုတဲ့ အရက်ကို မသောက်ခင်မှာတော့ အရက်က အရက်ပဲလေတဲ့။ မူးမှာလည်း မဟုတ်ဘူးတဲ့။ အေး rum ဆိုတဲ့ အရက်ကို သောက်သုံးမိတော့တာနဲ့ မူးပြီသာ မှတ်ပေတော့တဲ့။ အခန့်မသင့်ရင် ဥသြ တောင် ဆွဲနိုင်တယ်တဲ့။ အချစ်ဟာလည်း ဒီလိုပဲတဲ့လေ။

အဲဒီနောက် ကျနော့်ဇာတ်လိုက်ကျော်က အရက်မူးပြီး လုပ်ချင်ရာလျှောက်လုပ်တာ ဖဲဝိုင်း ရောက်သွားရောတဲ့လေ။ ဖဲဝိုင်း မှာ မူးမူး ရူးရူးနဲ့ ဖဲကစားတော့ ဖဲက နိုင်တယ်တဲ့လေ။
သူပြောလိုက်တဲ့ စကားကို မှတ်မှတ်ရရ ကျနော် ရေးလိုက်မိတာက...................
ဖဲလောက်မှ အပွင့်မကောင်းတဲ့ မိန်းမ။ စိတ်ပြောင်းတာမှ တော်ကာကျမယ်တဲ့လေ။

အဲလိုနဲ့ အသည်းကွဲခဲ့တဲ့ ကျနော့် ဇာတ်လိုက်ကျော် စွမ်းနိုင်လွန်း ဟာ အရက် သောက်၊ ဖဲရိုက် နဲ့ ဖြစ်ချင်တိုင်း ဖြစ်နေပြီး.............
ဗျိုး ကိုနိုင်စွမ်းပိုင် ရေ ကျနော့်ဘ၀ကို ဒီလိုနဲ့ အဆုံးသတ်ပေးတော့မှာလားဗျာ လို့ အော်ပြောတဲ့ အကြောင်း ကျနော်ရေးလိုက်တယ်။ ကျနော်က ကိုစွမ်းနိုင်လွန်းရေ ကျနော် ခင်ဗျားကို ဒီအတိုင်းမထားပါဘူးဗျ။

နေသာတဲ့ တနေ့မှာပေါ့။ လူကြပ်တဲ့ လိုင်းကားပေါ်မှာ သူတို့ ၂ ယောက် သည် အရင်ကလို ခြေမ ရေးတဲ့ ဖူးစာအတိုင်း ထပ်ဆုံကြလေသည်။ စွမ်းနိုင်လွန်းသည် အရင်က စွမ်းနိုင်လွန်း မဟုတ်တော့သလို၊ အိမ့်မြတ်ချယ်သည်လည်း အရင်က အိမ့်မြတ်ချယ် မဟုတ်ကြတော့ဘဲ တယောက်နဲ့ တယောက် အပြန်အလှန် နားလည်မှု ရကြကာ သူတို့ညားကြလေသတည်းပေါ့ဗျာ။

ဇာတ်လမ်းကတော့ ဒါပါပဲလေ။ ကျနော် ရဲ့ ပထမဆုံး ၀တ္ထုတို တပုဒ်ဖြစ်ခဲ့တဲ့ ခြေမရေးတဲ့ ဖူးစာ ကို အရင်က ကျနော်ရေးခဲ့တဲ့ အတိုင်း ပြန်ရေးပါ ဆိုလျှင်တောင် ကျနော် မရေးတတ်တော့ဘူးလေ။

No comments:

Post a Comment

 

Browse