ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

စုတ်ချက်ကြမ်း တို့၏ နောက်ကွယ်မှာ

Monday, February 22, 2010
အပြင်ပမ်းကြည့်ရင် ကောင်းမွန်သည့် ပန်းချီကား တချပ်လို့ ထင်ရပေမယ့် စုတ်ချက်တွေ ကြမ်းနေတာကိုတော့ ဘယ်သူမှ မသိနိုင်ပါ။ ထိုသဘောမျိုးပဲ ချစ်သူ ရည်းစား ဘ၀နဲ့ အိမ်ထောင်သည် ဘ၀ ကို နှိုင်းယှဉ်ကြည့်လိုက်တော့ အိမ်ထောင်သည်ဘ၀ ဟာ စုတ်ချက်ကြမ်းတွေနဲ့ တူသွားတယ်။ အဲ နောက်ကွယ်မှာ ဘာဖြစ်မလဲ ဆိုတာကတော့။

အပိုင်း ၁

- အကို.........
- ဟင်..........
- ဖွေး ကို ချစ်လားဟင်။
- ချစ်တာပေါ့ ဖွေးရယ်။
- ဒါဆို ဘယ်လောက်ချစ်တယ် ဆိုတာ ပြော ပြ ။
- အကို ဖွေးကို ချစ်တဲ့အကြောင်းတွေကို စီကာပတ်ကုံးပြောပြရမယ် ဆိုရင် တသက်လုံးပြောတောင် ကုန်နိုင်မယ် မထင် ဘူး ဖွေးရယ်။ အခုတော့ အကို ဖွေးကို ကဗျာ တပုဒ် ရွတ်ပြမယ်နော်။ ဖွေး နားထောင်မယ် မလား။
- အင်း နားထောင်မယ်လေ။



နာမည်လေးက မခင်ဖွေး
ကိုယ့်ရဲ့ရင်ကို အစဉ်အေး
ရင်အေးစေတဲ့ ခင်ဖွေးရယ်
အတူနေချင် လှပြီကွယ်
တူနေပြီးရင် ကလေးမွေး
မွေးတဲ့ကလေး နာမည်ပေး
သားလေးဆိုရင် ကောင်းခန့်ဖွေး
သမီးလေးဆိုရင် ခင်ခင်ခန့်
တူနှယ်တူနှယ် ဒန့်ဒန့်ဒန့်။


- ဟာ အကိုကတော့ လုပ်ပြီကွာ။ ဖွေးကတော့ အကောင်းမှတ်လို့ နားထောင်နေတာ။
- ဒါလည်း အကောင်းပဲလေ ဖွေးရဲ့။ ကိုယ်တို့ အတူတူ နေကြရအောင်ကွာ။
- အတူနေတာတော့ ဟုတ်ပါပြီ အကိုရယ်။ ဖွေး လည်း ကိုယ်နဲ့ နီးစပ်ချင်ပါတယ်။ ဒါပေမယ့် ဖွေး တို့ ၂ ယောက် က ဘာအလုပ်မှ မယ်မယ်ရရ မရှိသေးဘူးလေ။ အကိုကလည်း အောင်မြင်တဲ့ စာရေး ဆရာ တစ်ယောက် ဖြစ်ဖို့ ဆိုတာကလည်း အချိန်တော်တော် ကြိုးစားရဦးမယ်လေ။
- အကိုလည်း ကြိုးစားနေပါတယ် ဖွေးရဲ့။ အကိုရဲ့ ဘေးနားမှာ အကိုရဲ့ ရင်ကို အေးမြစေတဲ့ ဟောဒီက ခင်ဖွေး ဆိုတာလေး ရှိနေသ၍ အကို့အတွက် ခွန်အားတွေ ဖြစ်နေမှာပါလေ။
- အကိုရယ် ဖွေးလည်း အကို့ကို သိပ်ချစ်ပါတယ် ကွယ်။

အပိုင်း ၂

ချစ်သူနှစ်ဦး၏ ဘ၀မှာ ပျော်ရွှင်တာတွေလည်း ရှိသလို၊ အနာဂတ်ကို တွေးပြီး ဝေးမလိုလို အနေအထားတွေနဲ့လည်း ကြုံကြိုက်တတ်တာ သဘာဝ ပါပဲလေ။ အဓိကက အချစ်စစ်မှန်ရင်တော့ တနေ့ နီးစပ်ကြမှာပါလေ။

ခင်ဖွေးနှင့် ကောင်းခန့်က ဘ၀တူတွေပင်။ ဘ၀ကို လက်တွေ့ကျကျ ရုန်းကန်နေရသူတွေပင်။
သို့သော်..............
အချစ်တွေ ရင်ခုန်ခြင်းတွေက သူတို့ နှစ်ဦးဘ၀ ကို လက်တွေ့ကျကျ ရင်ဆိုင်ရဲဖို့ တွန်းပို့ပေးခဲ့ပါသည်။
ကောင်းခန့်အနေနဲ့ ချစ်သူဖြစ်သူ ခင်ဖွေး၏ အိမ်ထောင်ဦးစီး ကောင်း တယောက်အဖြစ် ရွေးချယ် ခံရခြင်းကို အင်မတန်မှ ဂုဏ်ယူဝံ့ကြွားနေလေ၏။
သူ၏ ချစ်သူနှင့် နှစ်ယောက် တစ်အိပ်မက် မက်ခွင့်ရသောကြောင့်လည်း သူဖြစ်ချင်သည့် စာရေးဆရာ ဘ၀ ကို ရောက်အောင် မနားမနေ ကြိုးစားခဲ့သည်။

စာရေးဆရာ တစ်ယောက်တော့ ဖြစ်ခဲ့ပါ၏။ သို့သော် စာရေးခြင်းဖြင့် အသက်မွေးသည့် လူတစ်ယောက်မှာ နာမည်တစ်လုံးကိုသာ ပိုင်ဆိုင်နိုင်ပြီး၊ ပစ္စည်းဥစ္စာ ပြည့်စုံခြင်းဆိုတာကို မပိုင်ဆိုင်နိုင်တဲ့ နောက်ကွယ်က လက်တွေ့ဘ၀မှာတော့ ရင်ဖွင့်ပြဖို့ အင်မတန်ကို ခက်ခဲ့နေပေတော့၏။
(အကြောင်းအမျိုးမျိုးတော့ ရှိနေပေလိမ့်မည်။ နေ့တိုင်း ၀တ္ထု တပုဒ် တပုဒ် ရေးနိုင်နေရင်တော့ အကောင်းသားလေ။ ကြာတော့ လူတန်းစေ့ ဘယ်ရပ်တည်နိုင်ပါတော့မလဲ။)

အပိုင်း ၃

တချိန်တုန်းက စာရေးခြင်း အလုပ်ကို အားပေးပြီး၊ အောင်မြင်တဲ့ စာရေးဆရာဘ၀ ရောက်အောင် တွန်းအားပေးခဲ့တဲ့ မခင်ဖွေးတစ်ယောက်........

- ကိုကောင်းခန့် ရှင့်မလဲ ဒီဘာမဟုတ်တဲ့ စိတ်ကူးယဉ် စာတွေ ရေးနေတာနဲ့တင် အချိန်ကုန်နေတော့မှာလား။ တော် စာရေးတာကို မှီခိုပြီး နေရရင်တော့ ကျုပ်တို့ သားအမိတွေ ထမင်းငတ်တော့မှာပဲ။ စားစရာ ဆန်မရှိတော့ဘူး ဆိုတာ တော်သိလား။ ဆန်ကုန်ပြီ တော့ ဆန်ကုန်ပြီ။

- အေးပါ ခင်ဖွေးရာ။ ငါသိပါတယ်ဟ။ ဒါကြောင့်လည်း ငါ ဒီစာမူလေးကို လက်စ သပ်နေတာပေါ့။ ဒါလေးပြီးရင် ဂျာနယ်တိုက်ကို သွားအပ်ပြီး စာမူခ တောင်းလို့ ရမှာပါဟ။ အခုတော့ လောလော ဆယ် ဗိုက်ဝအောင် တခုခု စားထားနှင့်ကြပေါ့ဟာ။

တချိန်တုန်းက အကိုတွေ ဖွေးတွေ ဆိုတာတွေသည် အိမ်ထောင်သည် ဘ၀မှာတော့ ရှင်တွေ ကျုပ်တွေ တော်တွေ ဘ၀သို့ အစားထိုး လာခဲ့ပေပြီ။

ဟူးးးးးးးးးးးးးးးးး
တချိန်က ရင်ခုန်ခြင်းသည် ယခု အိမ်ထောင်သည်ဘ၀ ဆန်ကုန်ခြင်းကို ကောင်းမွန်စွာ မဖြေရှင်းပေးနိုင်ပါတော့လား။



****************** *********************** ***********************

No comments:

Post a Comment

 

Browse