ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

ကျနော်နှင့် သက္ကရာဇ် နှစ်ထောင့်တစ်ဆယ်....

Monday, February 22, 2010
၂၀၁၀ ခုနှစ်သည် နှစ်ဆယ့်တစ် ရာစု၏ ပထမဆုံး ဆယ်စုပိုင်းတစ်ပိုင်း ၏ နောက်ဆုံးနှစ် ဖြစ်သည်...။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ည မှာတော့ HAPPY NEW YEAR ဟူ၍ ဟစ်အော်ကာ ၂၀၁၀ ခုနှစ်ကို ကြိုဆိုကြပေဦးတော့မည်....။
၂၀၁၀ ခုနှစ် ဆိုတာကို မပြောခင်၊ မတွေးခင်၊ မကြိုခင်မှာ ကျနော်တို့ ၂၀၀၉ ခုနှစ် အကြောင်းကို အရင်ပြောကြည့်ပါဦးစို့...။
၂၀၀၉ ခုနှစ်မှာ ကျနော်တို့ ဘာတွေ လုပ်ဖြစ်ခဲ့သနည်း...။



ကိုယ့်ကောင်းကျိုးအတွက်၊ ကိုယ့်မိသားစု အကျိုးအတွက်၊ ကိုယ့်ဆွေမျိုး အသိုင်းအ၀န်းအကျိုးအတွက်၊ ကိုယ့်ရပ်ရွာအကျိုးအတွက်၊ ကိုယ့်မြို့အကျိုးအတွက်၊ ကိုယ့်နိုင်ငံ အကျိုးအတွက်.... စသည်ဖြင့်ပေါ့လေ...။
ထို့နောက် ယခု ၂၀၀၉ ဆိုသည့် သက္ကရာဇ် နာမ တခု ကို ချောင်ထိုးဖို့ ကျနော်တို့ ကြိုးစား နေကြလေပီ...။ ၂၀၁၀ ဆိုသည့် သက္ကရာဇ် နာမ အသစ် တစ်ခု ကို ကြိုဆိုဖို့လည်း ကျနော်တို့ ပြင်ဆင်ကောင်း ပြင်ဆင်နေကြမည်....။ အဟောင်းနဲ့ အသစ် ဆိုတာ အမြဲဒွန်တွဲနေသည်မို့ အဟောင်းပြီးလျှင် အသစ်လာမည်...။ အသစ်ရှိ၍ အဟောင်းဖြစ်သွားရသည်...။ အသစ် နှင့် အဟောင်း ဘယ်အရာက ပိုကောင်းသနည်း......။ ပြီးတော့ အချိန်တွေ ကုန်တာ မြန်တယ်လို့ ပြောလို့ရပါတယ်...။
၂၀၀၈ ခုနှစ်ကို ချောင်ထိုးခဲ့စဉ်ကလည်း ၂၀၀၉ ခုနှစ်ရောက်လျှင် နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ နေမည်...။ အမှားကင်းအောင်နေမည်...။ လူအများ၏ ကောင်းကျိုးမှန်သမျှ၊ ပရဟိတလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်မည်.... စသည်ဖြင့် ကြုံးဝါးသံတွေနဲ့ ၂၀၀၉ ခုနှစ်ကို ကြိုဆိုခဲ့ကြသည်....။ ယခု ၂၀၀၉ ခုနှစ် ကုန်ခါနီး ရက်ပိုင်းအလိုမှာ ယခင်က ကြုံးဝါးခဲ့သလို နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ နေနိုင်ခဲ့ပြီလား...။ အမှားကင်းအောင်ရော နေနိုင်ခဲ့ရက်လား....။ လူအများ၏ ကောင်းကျိုးမှန်သမျှ၊ ပရဟိတ လုပ်ငန်းတွေမှာ အင်တိုက်အားတိုက်နဲ့ ပါဝင်ဆောင်ရွက်နိုင်ခဲ့ရက်လား....။ လို့ မေးဖွယ်ရာ ရှိပါတယ်...။ ကျနော်ကိုယ်တိုင်လည်း မနေနိုင်ခဲ့သေးပါဘူး...။ မိမိကိုယ်ကို ကောင်းအောင်ကို မနည်းလုပ်နေ နေရတယ်...။
တစ်နှစ်ပြီး တစ်နှစ် ဟောင်းလိုက် သစ်လိုက်ဖြင့် အချိန်ကာတွေ ကုန်ဆုံးခြင်း နဲ့အတူ ကျနော်တို့သည်လည်း သက္ကရာဇ်တွေ၏ တိုက်စားမှုနဲ့အတူ အသက်အရွယ် ကြီးပြီးရင်း ကြီးလာခဲ့ရလေသည်...။ ငယ်ရွယ်စဉ်မှစ၍ ယနေ့အသက်အရွယ်အထိ ပြုံးခြင်း၊ ရယ်ခြင်း၊ ငိုခြင်း၊ မဲ့ခြင်း စသည့် မျက်နှာဖြင့်ဖော်ပြသည့် အနုပညာသရုပ်ဖော်၊ စိတ်ညစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း စသည့် စိတ်ခံစားချက် အနုပညာသရုပ်ဖော်များကို အချိန်နဲ့အမျှ ကပြ ခဲ့ရလေသည်...။ ဆက်လက်၍လည်း ကပြရပေဦးမည်...။
နောက်တခုက ၂၀၁၀ ခုနှစ်အကြောင်း ဆိုတော့ အနာဂတ် အကြောင်းပေါ့....။ အနာဂတ် ဆိုလျှင် သေချာပေါက် ကျနော်တို့ စာလုံးတွေကို ၀ါကျ စီရာတွင် မည် ဟူသည့် အသုံးအနှုန်းကို အသုံးပြုရပေမည်...။ အနာဂတ် ဆိုတာ အကောင်းချည်း ဖြစ်လာဖို့ မျှော်လင့်မရနိုင်သလို၊ အဆိုးတွေနှင့် ဆုံဆည်းရမယ်လို့လည်း မျှော်လင့်လို့ မရနိုင်ပါဘူး....။
မည်သို့ပင်ဖြစ်စေ.......။
၂၀၁၀ ခုနှစ်မှာ ဖြစ်နိုင်လျှင် မိသားစုအတွက် ဒေါ်လာ ၁၀၀၀ ပို့နိုင်အောင် ခြိုးခြံချွေတာရပေဦးမည်....။
၂၀၁၀ ခုနှစ်မှာ ဖြစ်နိုင်လျှင် ကင်မရာတလက်လောက် ၀ယ်ချင် သေးသည်...။
၂၀၁၀ ခုနှစ်မှာ ဖြစ်နိုင်လျှင် စာမကျက်ပဲ စာမေးပွဲများ အောင်ချင် သေးသည်....။
၂၀၁၀ ခုနှစ်မှာ ဖြစ်နိုင်လျှင် ရာထူးတိုးချင် သေးသည်.....။
၂၀၁၀ ခုနှစ်မှာ ဖြစ်နိုင်လျှင် ၀န်ထမ်းတွေ၏ လစာစကေး လည်း တိုးချင်သေးသည် (လက်ထောက်ကထိကတယောက် ၈ သိန်းလောက် ပေးလျှင်ဖြင့် တော်ပါပေပြီ)....။
၂၀၁၀ ခုနှစ်မှာ ဖြစ်နိုင်လျှင် ကုန်ဈေးနှုန်းတွေ ကျပြီး ကျနော်တို့ မိသားစု၏ စားဝတ်နေရေး ချောင်လည်ရုံမက အပိုအလျှံလေးတွေ ရှိချင်ပါသေးသည်....။
၂၀၁၀ ခုနှစ်မှာ ဖြစ်နိုင်လျှင် ......
၂၀၁၀ ခုနှစ်မှာ ဖြစ်နိုင်လျှင် ......
၂၀၁၀ ခုနှစ်မှာ ဖြစ်နိုင်လျှင် ......

No comments:

Post a Comment

 

Browse