ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

ဖိုးလမင်းကြီးရေ ........ ရွှေလင်ဘန်းနဲ့ပေးပါဗျိုး

Monday, February 22, 2010
29/12/2009 ရုရှား စံတော်ချိန် ၃ နာရီ ၂၅ မိနစ်၊ မြန်မာစံတော်ချိန် ၆ နာရီ ၅၅ မိနစ်။ ။

အိပ်မည်ဟူသော ဆုံးဖြတ်ချက်နှင့်အတူ ခုတင်ပေါ် လဲလျောင်းမိသည်။ မျက်နှာပေါ်သို့ အခန်း ပြတင်း တံခါးမှနေ၍ ထူးခြားသည့် အလင်းတစ်ခု ကျရောက်လာလေသည်။ ဟော ကောင်းကင်မှာ လ သာ နေပါလား။ လဆန်း လေလား၊ လဆုတ် လေလားတော့ မသိတော့ပြီ။ လပြည့်ည မဟုတ်တာတော့ သေချာသည်။

ကောင်းကင်မှာ လသာတာ မထူးခြားပေမယ့်၊ ရုရှားမှာ ညအခါ လ ရောင် ကို မြင်ရသည်မှာတော့ ထူးခြားနေပေသည်။ လ သာလို့လေလား မသိ အိပ်လို့လည်း မပျော်နိုင်သေးပေ။ ကောင်းကင်က လ ရောင်ကြောင့် မောင်စကိုမြို့ တခုလုံး လင်းထိန်နေသလား ထင်မှတ်မှားရပါတယ်။



ငယ်ရွယ်စဉ် လ ရောင်အောက်က ကလေး ဘ၀ ပုံရိပ်တွေကို မြင်ယောင်မိပြန်၏။ အပူအပင် ကင်းတဲ့ ကလေးဘ၀ ပုံရိပ်တွေ ပါပဲလေ။ ငယ်စဉ်အချိန်တုန်း ကတော့ ဖိုးလမင်းကို အာဘွား ပေးရတာ အမောပင်။ အခုတော့ ငယ်စဉ်က အာဘွား ခန ခန ပေးခဲ့ရသည့် ဖိုးလမင်းကြီး ကို ကျနော် ငေးကြည့်နေမိပါသည်။

တော်ရာမှာ ပျော်အောင် နေရတာကြောင့် အင်မတန် စိတ်ပင်ပန်း လွန်းလှလို့လားတော့ မသိပါ။ ဖိုးလမင်းကြီးကို ကြည့်ရတာ အေးမြလိုက်တာ လေ။ မြန်မာနိုင်ငံကို တဒင်္ဂ ပြန်ရောက်သွားလေ သလား အောက်မေ့မိတယ်။ ရင်ထဲမှာလည်း တမျိုးကြီး ဖြစ်နေမိသည်။ ဖိုးလမင်း ရဲ့ အေးမြတဲ့ အလင်းရောင်၊ နွေးထွေးတဲ့ အဖြူရောင် ဓာတ်တွေကို အပြည့်အ၀ မရမှာ စိုးရိမ်လို့ အခန်း မီးကို ပိတ်ပြီး၊ ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင်ကာ စာရေးနေမိတော့သည်။

ငယ်စဉ်အချိန်တုန်း ကတော့ ဖိုးလမင်းကြီးရေ ထမင်းဆီဆမ်း ရွှေလင်ဘန်းနဲ့ ပေးပါဗျိုး လို့ တောင်းရသည်ကလည်း အမော။ အခု တော့ ဘာတောင်းရပါ့မလဲ။

ဖိုးလမင်းကြီးရေ ကံကောင်းခြင်းတွေ ဆမ်းထားတဲ့ အချိန်တွေကို ရွှေလင်ဘန်းနဲ့ ပေးပါဗျိုး လို့ တောင်းရင် ကောင်းမလား။

ဖိုးလမင်းကြီးရေ ချိုမြိန်မှုတွေ ဆမ်းထားတဲ့ နှလုံးသားတစ်စုံကို ရွှေလင်ဘန်းနဲ့ ပေးပါဗျိုး လို့ တောင်းရင် ကောင်းမလား။

ဖိုးလမင်းကြီးရေ ........ ရွှေလင်ဘန်းနဲ့ပေးပါဗျိုး လို့ တောင်းရင် ကောင်းမလား။

ဖိုးလမင်းကြီးရေ ........ ရွှေလင်ဘန်းနဲ့ပေးပါဗျိုး လို့ တောင်းရင် ကောင်းမလား။

ဖိုးလမင်းကြီးရေ ........ ရွှေလင်ဘန်းနဲ့ပေးပါဗျိုး လို့ တောင်းရင် ကောင်းမလား။

နောက်ဆုံးမှာတော့

ဖိုးလမင်းကြီးရေ သက္ကရာဇ်တွေကို ဒေါ်လာဆမ်းပြီး အိမ်အပြန်ခရီးကို ရွှေလင်ဘန်းနဲ့ ပေးပါဗျိုး ဟူ၍သာ တောင်းလိုက်မိလေတော့သည်။ ။

1 comment:

Unknown said...

ကျွန်ုပ်ကတော့ "ဖိုးလမင်းကြီးရေ အထက်အောက် ဗလာဝတ်စုံနဲ့  ရုရှားမလေးတွေ ရွေလင်ဘန်းနဲ့ ပေးပါဗျို့ လို့ "......

Post a Comment

 

Browse